ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်ဖို့ NLD ပါတီဝင်တွေ ရန်ကုန်ရောက်လာ
2010.11.11
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း တို့က အဖွဲ့ဝင်တွေ ရန်ကုန်မြို့ကို ရောက်နေကြပြီး စုစုပေါင်း ၁၀၀ နီးပါးလောက်ရှိတယ်လို့ NLD ဗဟို ကော်မတီဝင် မဖြူဖြူသင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ် မေလ လုပ်ကြံတိုက်ခိုက်ပြီး ကတည်းက ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတာဖြစ်ပါတယ်။
ပြန်လွတ်မြောက်တော့မယ့်အချိန်မှာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ဝင်ရောက်မှုကြောင့် နေအိမ်အကျယ်ချုပ် ချိုးဖောက်မှု စွဲချက်နဲ့ အာဏာပိုင်တွေက ထောင်ဒဏ် (၃)နှစ် ထပ်စီရင်ခဲ့ပါတယ်။
ဒါပေမယ့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြစ်ဒဏ်ကို လျှော့ပေး တယ်ဆိုတဲ့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်မှာ မည်သို့ပင် ပြစ်ဒဏ်ချမှတ်ထားသည်ဖြစ်စေ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ တရားရုံးကချမှတ်ထားသော ပြစ်ဒဏ်များအနက် ပြစ်ဒဏ်ရဲ့ထက်ဝက်ကိုသာကျခံစေရန်၊ လျှော့ပေါ့ပြောင်းလဲခဲ့ပြီး၊ ကျန်ပြစ်ဒဏ်ကိုလဲဆိုင်းငံ့ခဲ့ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် နိုဝင်ဘာလ (၁၃) ရက်နေ့မှာ သူ့ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်ရဲ့ ထက်ဝက်တင်းတင်းပြည့်ပြီဖြစ်လို့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အမိန့်အတိုင်း လွှတ်ကိုလွှတ်ရမယ့်အခြေအနေဖြစ်တယ်လို့ NLD အဖွဲ့ဝင်တွေက ပြောဆိုကြပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်လွတ်ရက်ကို ကြိဆိုတဲ့အနေနဲ့အဖွဲ့ဝင်တွေက မနက်ဖြန်မှာ ဆေးရုံတွေသွားပြီး သွေးလှူကြမယ်လို့လဲ သိရပါတယ်။