မူဆယ်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တိုက်ပွဲဖြစ်လို့ အရပ်သားတစ်ဦး သေဆုံး

မူဆယ်မြို့နယ်၊ ကျင်စန်းကျော့ကုန်သွယ်ရေးလမ်းပိုင်းမှာ နိုဝင်ဘာလ ၁၆ရက်နေ့ နေ့လယ်တစ်နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်နဲ့ကိုးကန့် MNDAA တပ်ဖွဲ့အကြားတိုက်ပွဲဖြစ်ပွားခဲ့လို့ အရပ်သားတစ်ဦးလက်နက်ကျည်ထိမှန်သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ မူဆယ် ၁၀၅ မိုင်နဲ့ ကျင်စန်းကျော့နယ်စပ်ကုန်သွယ်ရေးဂိတ်လမ်း တလျှောက်ကားလိုက်ပြင်တဲ့ လုပ်ငန်းလုပ်ကိုင်သူတွေဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် (ကိုးကန့်) MNDAAတပ်ဖွဲ့ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ မုံးကိုးကနေ မူဆယ်ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
အလားတူလားရှိုးမြို့နယ်၊ နန်ပမ်ရွာအနီးမှာ နိုဝင်ဘာလ ၁၄ရက်နေ့ကစတင်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ MNDAA တပ်ဖွဲ့ကြား စစ်ရေးတင်းမာခဲ့ပြီး နိုဝင်ဘာလ ၁၅ရက်နေ့ ည ၇နာရီလောက်မှာတော့ တိုက်ပွဲစတင်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့က ၃၀၀န်းကျင် သေဆုံးခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် RFA အနေနဲ့သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
တိုက်ပွဲအခြေအနေနဲ့ပတ်သက် လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက ဖုန်းနဲ့ဆက်သွယ်မေးမြန်းတာမှာတော့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
မူဆယ်နဲ့လားရှိုးမြို့နယ်ဟာ MNDAA တပ်ဖွဲ့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA ၊ ရခိုင့်တပ်တော် AA နဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့တွေလည်းလှုပ်ရှားရာဒေသဖြစ်ပါတယ်။ ဒီမြို့နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။