စစ်ကြောရေးမှာ သတင်းထောက်တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

2022.09.16
Share on WhatsApp
Share on WhatsApp
စစ်ကြောရေးမှာ သတင်းထောက်တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရ Frontier Myanmar မဂ္ဂဇင်း သတင်းထောက် ကိုရဲမွန်ကို တွေ့ ရစဉ်
Photo: Frontier

Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် ကိုရဲမွန်ဟာ ရန်ကုန်မြို့မှာ သူ့ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးမှာ စစ်ဆေးခံရချိန် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရကြောင်း Frontier Myanmar က စက်တင်ဘာ ၁၆ ရက် ဒီနေ့မှာ ဖော်ပြလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေ ရှိနေတဲ့အတွက် ကိုရဲမွန်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ထိုင်းနိုင်ငံကို တိမ်းရှောင် ခဲ့ပြီးနောက် နာမကျန်းဖြစ်နေတဲ့ မိသားစုဝင်တစ်ဦးကိုတွေ့ဖို့ မြန်မာနိုင်ငံကို ပြန်လာခဲ့ ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ ကိုရဲမွန်ဟာ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာခဲ့ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။

စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းမှာ ထိုးကြိတ်ကန်ကျောက်ခံရသလို သူတို့ရဲ့မေးမြန်းမှုကို မဖြေတဲ့အတွက် အချိန်တစ်နာရီလောက် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်လို့ ကိုရဲမွန်က ထုတ်ဖော် ရေးသားပါတယ်။

စစ်ကောင်စီက သိချင်တာတွေ မေးမြန်းပြီးတဲ့နောက်မှာ သူတို့ရဲ့လုပ်ရပ်တွေကို ဘယ်သူ့ကိုမှမပြောဖို့ ခံဝန်လက်မှတ်ထိုးခိုင်းခဲ့တယ်လို့လည်း ကိုရဲမွန်က ပြောပါတယ်။

ခံဝန်မထိုးရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅(က) အပြင် မတရားအသင်းဆက်သွယ်မှုနဲ့ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ပါ အရေးယူခံရမှာဖြစ်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ တောင်းဆိုချက်တွေကို ခံဝန်ထိုးပေးခဲ့ရပြီးနောက် ကိုရဲမွန်ဟာ မိသားစုနဲ့ အတူ ထိုင်း နိုင်ငံကို ပြန်ရောက်ရှိနေပါတယ်။

စစ်ကောင်စီစစ်ကြောရေးမှာ နှိပ်စက်စော်ကားခံရတဲ့ဒဏ်တွေကို လက်ရှိအချိန်ထိ ခံစားနေရပြီး ဆေးဝါးကုသနေရတယ်လို့ သတင်းထောက် ကိုရဲမွန်က ပြောပါတယ်။

မြန်မာသတင်းသမားတွေ ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း အဖမ်းခံရတဲ့ သတင်းသမားပေါင်း ၁၄၀ ဦးရှိခဲ့ပြီး အဲဒီအထဲက ၅၅ ဦးက အချုပ်နဲ့ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။