အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တိုက်ပွဲတွေ ပြင်းထန်နေ

RFA Burmese
2024.09.27
အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တိုက်ပွဲတွေ ပြင်းထန်နေ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Arakan Army

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကျောက်စကွဲကျေးရွာအနီးမှာ စက်တင်ဘာလ ၂၇ ရက်က အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၆ ရက်မနက်က ကျောက်စကွဲရွာအနီး စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ငါးဦးရုပ်အလောင်းအပြင် လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့က ဂွမြို့နယ် ကျောက်ပါးစပ်ရွာ အရှေ့တောင်ဘက် ကျိန္တလီကားလမ်းအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ နှစ်နာရီကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မောင်တောမြို့အပြင်က စစ်ကောင်စီတပ်ရဲ့ တစ်ခုတည်းကျန်ရှိတဲ့ နခခ ၅ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်တွေ မြှင့်တင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် မြို့တွင်းက လူနေအဆောက်အအုံတချို့မှာ ပုန်းခိုနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အပါအဝင် သူတို့ သင်တန်းပေးထားတဲ့ မွတ်ဆလင်အချို့နဲ့ ARSA၊ RSO၊ ARA လက်နက်ကိုင်အဖွဲ့တွေကိုလည်း ဆက်လက်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

AA ကတော့ ရခိုင်ပြည်နယ်တစ်ခုလုံး စစ်ကောင်စီတပ် ကင်းစင်ရေးဟာ သူတို့ရဲ့ ပထမဆုံး စစ်ရေးရည်မှန်းချက်ဖြစ်တဲ့အပြင် တစ်နိုင်ငံလုံးက အဖိနှိပ်ခံလူထုရဲ့ တော်လှန်ရေး ရည်မှန်းချက်ဖြစ်မယ်လို့ယုံကြည်ကြောင်း စက်တင်ဘာလ ၁၃ ရက်နေ့မှာ ပြောဆိုထားပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲ ဆယ်လပြည့်ချိန်မှာ ရခိုင်ပြည်နယ်အတွင်းက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ သံတွဲမြို့အပြင် ချင်းပြည်နယ်က ပလက်၀ဒေသတွေကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီလို့လည်း AA က စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။