ပုသိမ်မြို့နယ် မကျီးဇင်ရွာရဲစခန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်
ဧရာ၀တီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ပင်လယ်ကမ်းခြေမှာရှိတဲ့ မကျီးဇင်ရွာ ရဲစခန်းနဲ့ စစ်ကောင်စီတပ်ကင်းစခန်းတွေကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပြောပါတယ်။
ရွှေသောင်ယံမြို့ရဲ့ မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ မကျီးဇင်ရွာနဲ့ အနီးတစ်၀ိုက်ကို AA သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ ရွှေသောင်ယံ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရွှေသောင်ယံမြို့အစွန်ဆုံးက မကျီးဇင် ကျသွားပြီ။ မနေ့က ဗုံးချတာက အဲဒီမကျီးဇင်နားက ပေါက်တူးကွင်းနဲ့ မကျီးဇင်ပြားကို ဗုံးချတယ်။ မကျီးဇင်ပြားဆိုတာက မကျီးဇင်ကနေ အရှေ့ဘက်ကို တက်မယ်ဆိုရင် အဲဒါ ထွက်လမ်း ကားလမ်းမ၊ အဲဒီလမ်းကို သူတို့ (ကောင်စီတပ်) က ဗုံးချတယ်။ ဘာလို့လဲဆို သူတို့ မကျီးဇင်ကတပ်တွေလည်း ဆုတ်သွားပြီလေ။ မကျီးဇင်ကတော့ မီးလောင်နေပြီ၊ ဧရာ၀တီတိုင်းထဲမှာ ဖြစ်နေတာပေါ့"
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိပေမဲ့ အသေးစိတ်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဗုံးဒဏ်ကြောင့် မကျီးဇင်ရွာ မီးလောင်ပျက်စီးနေသလို မကျီးဇင်ရွာအနီးမှာရှိတဲ့ ပုန်းညှက်မော (အမော်ကြီး) နဲ့ ကုလားချောင်းရွာတွေက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က အဲဒီရွာတွေရဲ့ တောင်ဘက်က ဘောမိရွာအနီးမှာ တပ်တွေစုဖွဲ့ပြီး ခံစစ်ပြင်ထားတယ်လို့ ဆိုပါတယ်။ ဒီအပြင် မကျီးဇင်ရွာဘက်ကို သာပေါင်းမြို့နယ်ကနေလည်း စစ်ကောင်စီတပ်က ရာနဲ့ချီတဲ့ အင်အားတွေ ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကျီးဇင်နဲ့ အနီးတစ်၀ိုက်ရွာတွေကတော့ ချောင်းသာ၊ ရွှေသောင်ယံနဲ့ သာပေါင်းမြို့နယ်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီး အရေအတွက် အသေးစိတ်ကို မသိရသေးပါဘူး။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာ၀တီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်မေးမြန်းခဲ့အခါ တိုက်ပွဲအခြေအနေတွေကို လတ်တလော မသိရသေးကြောင်း ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်း အစပ်က တပ်စခန်းတွေအထိ အခု ဇန်နဝါရီလဆန်းမှာ ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။