ရမ်းဗြဲမြို့ကို စစ်ကူလာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း AA ထုတ်ပြန်

RFA Burmese
2024.02.25
ရမ်းဗြဲမြို့ကို စစ်ကူလာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း AA ထုတ်ပြန် ရမ်းဗြဲမြို့သို့ စစ်ကူပို့လာသော စစ်ကောင်စီတပ် စစ်ကြောင်းထံမှ သိမ်းပိုက်ရရှိထားသည့် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား ရက္ခိုင့်တပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့က ထုတ်ပြန်ထားစဉ်။
AA Info Desk

တိုက်ပွဲပြင်းထန်နေတဲ့ ရမ်းဗြဲမြို့ကို လေကြောင်းနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ဖေဖော်ဝါရီ ၂၄ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အလောင်း ခြောက်ဆယ်ကျော်နဲ့ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီစစ်ကြောင်းဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းနဲ့ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၂၀ ကျော်ကို စစ်ရဟတ်ယာဉ် လေးစင်းနဲ့ ခုနစ်ကြိမ် လာရောက်ချပေးခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ကလည်း တစ်နေ့လုံးနီးပါး လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရမ်းဗြဲဒေသခံတချို့ ထိခိုက်သေဆုံးမှုရှိပေမယ့် အသေးစိတ် အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

(AA) ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။

ဒီအပေါ် စစ်ကောင်စီဘက်လည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရမ်းဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာကစပြီး တိုက်ပွဲပြင်းထန်နေတာပါ။

သိမ်တောင်ကုန်းဘုရားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း စခန်းမကျဖို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းကာကွယ်နေတာပါ။

ရမ်းဗြဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ဒီနေ့အချိန်အထိ နေအိမ် နှစ်ရာကျော် ပျက်စီးသွားပြီဖြစ်သလို ရမ်းဗြဲမြို့ခံ တစ်သောင်းကျော်လည်း တိုက်ပွဲစဖြစ်တဲ့ ဒီဇင်ဘာကစပြီး ဘေးလွတ်ရာကို ထွက်ပြေးနေရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။