ရန်ကုန်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွာလာတဲ့ ကုန်သင်္ဘောလေးစီးကို AA ဖမ်းဆီး
2025.01.18

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဖ် ဆိပ်ကမ်းကို ထွက်ခွာလာတဲ့ ကုန်သင်္ဘောလေးစီးကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းတစ်ပုဒ်က ဇန်နဝါရီ ၁၈ ရက်နေ့မှာ ဖော်ပြပါတယ်။
ဒီသင်္ဘောတွေမှာ ခန့်မှန်းခြေ ကာတာငွေ ကုဋေ ၄၀ တန်ဖိုးရှိ ကုန်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့မှာ သင်္ဘောနှစ်စီး ဖမ်းဆီးခံခဲ့ရပြီး သောကြာနေ့မှာ နောက်ထပ် နှစ်စီး ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းက ဖော်ပြပါတယ်။
စနေနေ့ မနက်ပိုင်းအထိ ဒီသင်္ဘောတွေကို ပြန်လွှတ်မပေးသေးကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) နဲ့ တခြား ဥပဒေစိုးမိုးရေး အေဂျင်စီတွေကို အကြောင်းကြားထားကြောင်း ဆိပ်ကမ်းကိုလည်ပတ်နေတဲ့ Taknaf Land Port C&F ကိုယ်စားလှယ်အဖွဲ့ အထွေထွေအတွင်းရေးမှူး Dhatashamul Haque Bahadur က ပြောပါတယ်။
ဒါကထရီဗျူး သတင်းမှာတော့ ငါးခြောက်၊ ကွမ်းသီး၊ ကော်ဖီမှုန့်အပါအဝင် ကုန်ပစ္စည်းတွေတင်လာတဲ့ သင်္ဘော သုံးစီးကို နတ်မြစ်ဝမှာ အာရက္ခတပ်တော် (AA) က ဖမ်းဆီးသွားတယ်လို့ ဖော်ပြထားပါတယ်။
ဒီသင်္ဘောတွေကို ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
လတ်တလောမှာတော့ မြန်မာဘက်က ဆန်တန်ချိန် ၂၂,၀၀၀ ကို စစ်တကောင်းဆိပ်ကမ်းမှာ လက်ခံရရှိထားကြောင်း ဘင်္ဂလားဒေ့ရှ်က ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်ထားပါတယ်။ ဒီဆန်တွေဟာ မြန်မာစစ်ကောင်စီ နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား သဘောတူညီမှု နဲ့ တင်ပို့လာတာလို့ ဆိုပါတယ်။