ရိက္ခာခက်ခဲတဲ့ ပလက်ဝမှာ AA က ဆန်အဓမ္မတောင်းယူနေ


2020.10.21

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိတဲ့ ငရှားကျေးရွာအုပ်စုက ရွာ ငါးရွာမှာ တစ်အိမ်ထောင်ကို ဆန်နှစ်တင်းပေးဖို့ ရက္ခိုင့်တပ်တော် AA က မတန်တဆဈေးပေးပြီး အဓမ္မ တောင်းဝယ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရိက္ခာပြတ်လပ်လေ့ရှိတဲ့ ချင်းပြည်နယ် ပလက်ဝဒေသက ရွာ ငါးရွာမှာ AA အဖွဲ့က ဆန်တွေကို မတန်တဆနှုန်းနဲ့ ဈေးနှိမ်ပြီး ဒေသခံတွေဆီကနေ အဓမ္မ တောင်းဝယ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ဆန်တစ်တင်းကို ကျပ်တစ်သောင်းနှုန်း AA အဖွဲ့က ပေးဝယ်နေတာဖြစ်ပြီး ဒေသခံတွေက ပလက်ဝမြို့ပေါ်မှာ ဆန်ပြန်သွားဝယ်ရင် တစ်တင်းခွဲပါတဲ့ တစ်အိတ်ပေါက်ဈေးဟာ ခုနှစ်သောင်းခွဲရှိတာကြောင့် တစ်တင်းကို ငါးသောင်း ဝန်းကျင်ပေးရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AA က တစ်အိမ်ထောင်ကို ဆန်နှစ်တင်းနှုန်း ကောက်ခံပြီး သူတို့စခန်းရှိတဲ့ တောအထိ ရွာသားတွေ ထမ်းပို့ပေးရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းတေရက ပြောပါတယ်။

"ငရှားကျေးရွာ အပါအဝင် ရွာ ၅ ရွာကို စက်တင်ဘာ ၁၄ ရက် လောက်မှာ တခါ ကောက်တယ်၊ ပြီးတော့ အောက်တိုဘာ ၁၄ ရက်မှာလည်း တစ်ခါ ကောက်တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရတယ်၊ သူတို့ကောက်တဲ့ အချိန်မှာလည်း တစ်အိမ်ထောင်ကို ဆန်နှစ်တင်း ကောက်တယ်၊ ကောက်ပြီးတော့ ဆန်ကို ဒေသခံတွေ ကိုယ်တိုင်ပဲ သူတို့စခန်းနဲ့ နီးစပ်တဲ့ တောထဲအထိ သယ်ခိုင်းတယ်လို့ ကျနော်တို့ ကြားသိရတယ်။"

သွားလာရေးခက်ခဲတဲ့ ပလက်ဝဒေသဟာ တိုက်ပွဲတွေ၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေး စတဲ့ အခြေအနေတွေကြောင့် ဆန်ရိက္ခာရောက်ရှိဖို့ လနဲ့ချီ ကြိုးစားရပြီး မြို့ပေါ်မှာ ပိုက်ဆံရှိတောင် ဆန်ဝယ်လို့ မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ဒေသခံတွေက စားဖို့အခက်အခဲဖြစ်နေချိန် ခုလို အဓမ္မတောင်းဝယ်တာ ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာအတွက် ချင်းစစ်ဘေးရှောင် အရေးပေါ် ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI) က အလှူခံနေပါတယ်။  လိုအပ်တဲ့နေရာတွေကို ဆန်ရောက်ရှိဖို့အတွက် ပြည်နယ်အစိုးရ တပ်မတော်တို့ကို အကူညီတောင်းပြီး ပို့ဆောင်ရပါတယ်။

ရိက္ခာခက်ခဲတဲ့ ချင်းတွေဆီက အခုလိုမျိုး တောင်းတာဟာ ဒေသခံတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့အပြင် ခြိမ်းခြောက်တဲ့အဆင့် ဖြစ်နေတယ်လို့ RRCCI ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ပြောပါတယ်။

"သူတို့ကိုယ်တိုင်တောင် စားစရာမရှိဘူး။ တချို့ ဆန်တွေဆို ဆန်မရှိလို့ ကျမတို့တောင် ဒီဘက်က အလှူခံပြီး ပို့ပေးနေရတဲ့ဆန်ကို သူတို့က အသင့်စောင့်နေပြီးတော့ ဆန်တောင်းတယ် ဆိုတာက တော်တော်လေးကို တရားလွန်တယ်၊ ကျမ မေးခွန်းထုတ်ချင်တာက ဒါမျိုးလုပ်နေတာက ပလက်ဝမြို့နယ် ချင်းပြည်နယ်ထဲမှာ ဖြစ်တယ်၊ ချင်းလူမျိုးတွေဆီက တောင်းတယ် ဆိုတော့ ဒေသခံတွေက ဒီကိစ္စကို လက်ခံနိုင်စရာ အကြောင်းကို မရှိဘူး၊ ပေးတယ်ဆိုက ကြောက်လို့ အသက်အန္တရာယ်စိုးရိမ်လို့၊ ပေးတာမျိုးပဲရှိမယ်၊ ဝန်ထုပ်ဝန်ပိုးဆိုတာထက် အများကြီးပိုတယ်၊ ခြိမ်းခြောက်မှုတွေပါ ပါတယ်။"

ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲတွေကြောင့် စစ်လှေအသွားအလာ ပိတ်ထားတာ၊ သွားလာမယ်ဆိုရင်လည်း တပ်မတော်ရဲ့ခွင့်ပြုချက်ရမှ သွားလာရတာမျိုးတွေ လုပ်ရတဲ့နေရာဖြစ်ပါတယ်။

AA အဖွဲ့က ဆန်အဓမ္မ ကောက်တဲ့ ငရှားကျေးရွာဟာ ပလက်ဝမြို့ကနေ စက်လှေနဲ့ ငါးနာရီလောက် သွားရပြီး အိမ်ခြေ ၃၀၀ ကျော်ရှိပါတယ်။

AA အဖွဲ့က ဆန်ကောက်ခံတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေကို ဆက်သွယ်မေးမြန်းဖို့ RFA က ကြိုးစားခဲ့ပေမယ့် လုံခြုံရေးအခြေအနေအရ ဖြေဆိုဝံ့သူ မရှိတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဆမီးမြို့ကနေ ပြီးခဲ့တဲ့ရက်ပိုင်းကလာတဲ့ ဆန်ကား ပလက်ဝမြို့ပေါ်ကို ရောက်လာတာကြောင့် လက်တလော အဆင်ပြေနေတယ်၊ ရွာသားတွေအနေနဲ့ ချေးငှားပေးနေရတယ်လို့ ကြားရကြောင်း ပလက်ဝမြို့ခံ ဦးတိန့်စာက ပြောပါတယ်။

"သူတို့က မပေးရင်လည်း ကြောက်တယ်ဆိုတော့ မိမိရတဲ့အထဲ ရှိတဲ့အထဲက ပေးတာ မဟုတ်ဘူးဗျ၊ မပေးရင်လည်း မဖြစ်ဘူး ဆိုပြီးမှ သူတို့ပေးဖို့အတွက် ကိုယ်ဆီမှာ မရှိလည်း ချေးငှားပြီး ပေးရတဲ့အဆင့် ဖြစ်နေတာ။"

ဆန်အဓမ္မတောင်းခံကြောင်း ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့  ငြင်းပါတယ်။

ရွာသားတွေဆီက ပေါက်စျေးအတိုင်း ဝယ်ယူဖို့ ညွှန်ကြားထားသလို အောက်ခြေကလဲ တိတိကျကျလုပ်ဆောင်ကြကြောင်း၊ အခုဆန်သစ်ပေါ်ချိန် ဖြစ်တဲ့အတွက် ရွာသားတွေ ဆန်ဟောင်းတွေ ရောင်းချရာမှာ AA က ၃ သောင်းခွဲ ပေါက်စျေးကို ၄ သောင်းလောက်စျေးနဲ့ ပေးပြီး ဝယ်ယူခဲ့တာလို့ ဦးခိုင်သုခက ပြောပါတယ်။

ရန်ကုန်မြို့က နိုင်ငံရေး၊ စစ်ရေးလေ့လာသူ စာရေးဆရာ ဦးမောင်မောင်စိုးကတော့ လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ထိန်းချုပ်တဲ့ နယ်မြေတွေမှာ အခွန်ကောက်လေ့ရှိတယ်လို့ ပြောပါတယ်။

"လက်နက်ကိုင်တွေ ရှိတဲ့နေရာတွေမှာ လက်နက်ကိုင်တွေက အခွန်ကောက်လေ့ရှိပါတယ်၊ ဒါကိုလက်မခံနိုင်တဲ့သူတွေက တုံ့ပြန်ကြတာပေါ့၊ AA ချုပ်ကိုင်တဲ့နေရာမှာလည်း ခူးမီး ချင်းတွေရှိတဲ့ အခါကျတော့ ချင်းတွေက လူမျိုးရေးအရ AA သည် ရခိုင်တပ်ဖွဲ့ဖြစ်တယ်၊ ငါတို့ ချင်းတပ်ဖွဲ့ဖြစ်တယ်ဆိုတာမျိုးနဲ့ တုံ့ပြန်ကြည့်တာ ဖြစ်ပါလိမ့်မယ်၊ AA မှမဟုတ်ပါဘူး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးဟာ သူတို့ထိန်းချုပ်ရာနေရာမှာ အခွန်ကောက်လေ့ရှိပါတယ်။"

AA အဖွဲ့က ပလက်ဝမြို့နယ်မှာရှိတဲ့ ကုန်းတော်၊ ကူးဝါး၊ ရှင်ပဒိန်၊ ကက်တလင်းစတဲ့ ကျေးရွာ ၂၀ ကျော်မှာ ဆန်တောင်းတာတွေဟာ တောက်လျှောက်ဖြစ်နေပြီး ဒေသခံတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်လို့ ပလက်ဝဒေသအရေး ဆောင်ရွက်သူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။