မောင်တောမှာ နောက်ထပ် စစ်ကောင်စီစခန်းလေးခုကို AA သိမ်းပိုက်
2024.06.14
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နောက်ထပ် စစ်ကောင်စီတပ်စခန်း လေးခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မောင်တောမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်ကျန်စခန်းအားလုံး အပြီးသတ်သိမ်းပိုက်ရေး AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဇွန်လ ၁၃ ရက်နေ့က မောရဝတီဗျူဟာနဲ့ နခေါင်းတိုစခန်းတွေအပြင် နခခ (၄) တပ်ရင်းဌာနချုပ်နဲ့ အလယ်သံကျော်စခန်းတွေကို ဇွန်လ ၁၀ ရက်နေ့တွေမှာ ထပ်မံသိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲတွေအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဋ္ဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာကျော် သေဆုံးခဲ့သလို လက်နက်ခဲယမ်း အသုံးအဆောင်ပစ္စည်းတွေနဲ့ စစ်သုံ့ပန်းအချို့လည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းအရေအတွက်ကိုတော့ မဖော်ပြထားပါဘူး။
ဇွန်လ ပထမပတ်ကလည်း မောင်တောမြို့နယ်က တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင် နခခ (၆) စခန်းနဲ့ နခခ (၉) စခန်းတွေကို AA သိမ်းပိုက်ထားတာကြောင့် ဒီလအတွင်း မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီစခန်းပေါင်း ဆယ်ခုအထိ သိမ်းယူထားတာဖြစ်ပါတယ်။
စခန်းတွေ သိမ်းယူခံရတဲ့အခြေအနေအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
AA ကတော့ မောင်တော၊ အမ်းနဲ့ သံတွဲမြို့တွေက စစ်ကောင်စီစခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ဆယ်ခုကို AA က သိမ်းယူထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ် အခြေစိုက်ရာ အမ်းမြို့နယ်၊ သံတွဲမြို့နယ်နဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။