လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းတွေ အပါအဝင် ၁၇ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ
2024.09.09
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ရှင်ရွာကျေးရွာကို စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်ခဲ့တာကြောင့် အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင် ၁၇ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း AA က စက်တင်ဘာ ၉ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
ရှင်ရွာကျေးရွာကို စက်တင်ဘာ ၈ ရက်နေ့ ည ၇ နာရီမထိုးခင်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတာပါ။
သေဆုံးသူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့သုံ့ပန်းတွေထဲက ကျန်းမာရေးဆိုးဝါးနေတာကြောင့် ဆေးကုသဖို့ လိုအပ်နေတဲ့ စစ်ကောင်စီ အရာရှိတချို့၊ စစ်ကောင်စီ သတင်းပေးတွေနဲ့ သတင်းပေး သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေသူတချို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြစ်ဒဏ်ကျခံနေရသူတချို့နဲ့ အကျဉ်းစခန်းထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊ AA အဖွဲ့ရဲ့ ကျန်းမာရေးဝန်ထမ်းတချို့နဲ့ အဲဒီအနီး ပတ်ဝန်းကျင်က အရပ်သား ပြည်သူ၊ ကလေးတချို့ပါဝင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
AA ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စက်တင်ဘာ ၆ ရက်နေ့ကလည်း စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီ အမှတ် (၁၂) ရဲတပ်ရင်းနဲ့ ပွိုင့်ရေတပ်စခန်းတွေကနေ ပေါက်တောမြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တကြောင့် ပြည်သူတွေရဲ့နေအိမ်တချို့ ပျက်စီးခဲ့ရတယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။
"၁၀၂၇ စစ်ဆင်ရေး" တစ်ကျော့ပြန်ဖြစ်ပွားတဲ့ ၂ဝ၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ကနေ စက်တင်ဘာလ ၇ ရက်နေ့အထိ အချိန်နှစ်လကျော်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား နှစ်ရာကျော်သေဆုံးပြီး နောက်ထပ်နှစ်ရာကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ (TPCC) က ထုတ်ပြန်ထားပါတယ်။