စစ်တွေမြို့က စစ်ကောင်စီတပ်စခန်းတွေကို လက်နက်ကြီးတွေနဲ့ AA ပစ်ခတ်

RFA Burmese
2025.02.08
စစ်တွေမြို့က စစ်ကောင်စီတပ်စခန်းတွေကို လက်နက်ကြီးတွေနဲ့ AA ပစ်ခတ် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်အချို့အား ရခိုင်ပြည်နယ်၊ ဂွမြို့ကို သိမ်းပိုက်အပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တွေ့ရစဉ်။
Telegram/ AA Info Desk

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ စစ်ကောင်စီတပ်စခန်းတွေအနီးကို အာရက္ခတပ်တော် (AA) က ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်းကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

AA ရဲ့ စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ စစ်တွေမြို့ကို ထိုးစစ်ဆင်နိုင်ရေးအတွက် လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာလို့ အာရက္ခတပ်တော်နဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

“စစ်ဗျူဟာအရ လက်နက်ကြီးနဲ့ အရင်ပစ်ခတ်တဲ့သဘောလို့ ပြောလို့ရပါတယ်။ မနေ့ည ၁၁ နာရီလောက်ကစပြီး ပစ်ခတ်နေတာ ဖြစ်ပါတယ်။ အဓိက စစ်ကောင်စီ အထိုင်ချတဲ့တပ်စခန်းတွေကို ဦးတည်ပစ်ခတ်နေတာပါ”

ရခိုင်ပြည်နယ်အခြေစိုက် ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ အာရက္ခတပ်တော်အနေနဲ့ စစ်တွေမြို့က အမြင့်ကျွန်းရဲစခန်း၊ ခလရ-၂၃၂ တပ်စခန်း၊ ပါဒလိတ်၊ ကျောက်တန်းကြီး၊ ကျောက်တန်းလေး၊ ရွှေမင်းဂံစခန်း စတဲ့ စစ်ကောင်စီတပ်စခန်းတွေ လက်နက်ကြီးတွေ ဦးတည်ပစ်ခတ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည် ဖြေဆိုတာ မရှိသေးသလို စစ်တွေမြို့ဟာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် အခြေအနေ အသေးစိတ်ကိုလည်း RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒါ့အပြင် ၂၀၂၅ ဇန်နဝါရီ လကုန်ပိုင်းကတည်းက စစ်တွေမြို့ ပတ်ပတ်လည်ကို AA က အင်အားဖြည့်ကာ ပိတ်ဆို့ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုတွေကြောင့် စစ်တွေမြို့ခံ တစ်ထောင်ကျော်ဟာ လွတ်ကင်းတဲ့ ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထား ပြီးနောက် စစ်ကောင်စီ တပ်စခန်းတွေ ရှိနေတဲ့ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့နယ်တွေကို AA က ဆက်လက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။