ရဟတ်ယာဉ်ကွင်းနှစ်ခုပါတဲ့ စစ်ကောင်စီဗျူဟာကုန်းကို AA သိမ်းပိုက်

RFA Burmese
2023.12.05
ရဟတ်ယာဉ်ကွင်းနှစ်ခုပါတဲ့ စစ်ကောင်စီဗျူဟာကုန်းကို AA သိမ်းပိုက် စစ်ရေးလေ့ကျင့်နေသည့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
Photo: AA Info desk

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ အခိုင်အမာခြေကုပ်ယူထားတဲ့ စစ်ကောင်စီရဲ့ တရွန်အိုင်ဗျူဟာ စခန်းကုန်းတစ်ခုလုံးကို ဒီဇင်ဘာလ ၄ ရက် မနေ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။

အဲဒီစခန်းကုန်းကို သိမ်းယူနိုင်ဖို့ နိုဝင်ဘာလ ၁၄ ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအချိန် ၂၁ ရက်ကြာမှာ သိမ်းယူနိုင်ခဲ့တာလို့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာပါရှိပါတယ်။

တရွန်အိုင်ဗျူဟာ စခန်းကုန်းဟာ စစ်ရေးအရ အရေးပါပြီး၊ ရဟတ်ယာဉ်ကွင်းနှစ်ခုပါတဲ့အထိ ကျယ်ပြန့်တဲ့ စစ်ကောင်စီရဲ့ စခန်းကုန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစခန်းကုန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့သလို၊ ဓာတုဓာတ်ငွေ့ဗုံးတွေပါ သုံးခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရုပ်အလောင်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ AA ဘက်က ထုတ်ပြန်ပါတယ်။ AA ဘက်ကလည်း အကျအဆုံးရှိခဲ့ပေမဲ့ အရေအတွက်ကိုတော့ ပြောမထားပါဘူး။

တရွန်အိုင်ဗျူဟာကုန်းတိုက်ပွဲမှာ စစ်ကောင်စီက ဓာတုဓာတ်ငွေ့ပါတဲ့ ဗုံးတွေအသုံးပြုပြီး ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက RFA ကိုပြောပါတယ်။

“ပလက်ဝမြို့နယ်ထဲက တရွန်အိုင်စခန်းကြီးကို ရက္ခိုင့်တပ်တော်က နိုဝင်ဘာ ၁၄ ရက်နေ့ထဲက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လယ်မှာ တိုက်ခိုက်နိုင်ခဲ့တာပါ။ တိုက်ပွဲက ၂၁ ရက်ကြာတယ်။ ပလက်ဝရဲ့အထက်ပိုင်းမှာရှိတဲ့ အကြီးဆုံးစခန်းဖြစ်ပါတယ်။ ရဟတ်ယာဉ်ကွင်းနှစ်ခုပါတဲ့ အခြေချ စစ်ဗျူဟာတစ်ခုဖြစ်ပါတယ်။ စစ်ရေးအရအရေးပါတဲ့ စစ်ဗျူဟာတစ်ခုဖြစ်ပါတယ်။ ဒီစခန်းကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တဲ့ ရက်တွေမှာ ရန်သူ့ဘက်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေ အများအပြားသုံးပြီး ဒီစခန်းမကျဖို့ ခုခံကာကွယ်ခဲ့ပါတယ်။ တိုက်ပွဲပြင်းထန်တဲ့ရက်တွေမှာ ရန်သူ့ဖက်က ဓာတုဓာတ်ငွေ့ပါတဲ့ ဗုံးတွေအသုံးပြုနေတဲ့ကြားက ရက္ခိုင့်တပ်တော်က အဲ့ဒီစခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။”

စစ်ကောင်စီက တရွန်အိုင်ဗျူဟာကုန်းတိုက်ပွဲမှာ ဓာတုဓာတ်ငွေ့ပါတဲ့ ဗုံးတွေအသုံးပြုခဲ့တယ်ဆိုတဲ့ AA ရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီဘက်ကိုမေးမြန်းဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

လတ်တလောတိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲဖြစ်ပြီး အဲ့ဒီဒေသမှာ စစ်ရေးအရအရေးပါတဲ့ နောက်ထပ်ဗျူဟာကုန်း တစ်ကုန်းဖြစ်တဲ့ "နှုံးဘူးဗျူဟာကုန်း" ကို သိမ်းပိုက်နိုင်ဖို့ လုပ်နေတယ်လို့ AA ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။