ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အရေးပေါ်ကြေညာချက်ထုတ်ပြန်
စစ်ကောင်စီဟာ အခု သီတင်းပတ်အတွင်း ရခိုင်ပြည်နယ်အနှံ့က တပ်စခန်းတွေကို စစ်သည်၊ လက်နက်ခဲယမ်း ၊ စစ်သင်္ဘော၊ စစ်ကား၊ စစ်ရဟတ်ယာဉ်တွေ အပါအဝင် အရပ်ဘက်သုံးယာဉ်မျိုးစုံနဲ့ ကုန်း၊ ရေ၊ လေ လမ်းကြောင်းတွေကနေ ဆက်တိုက်အင်အားဖြည့်တင်းနေတဲ့အတွက် ရခိုင့်တပ်တော်အနေနဲ့ စစ်ကောင်စီသွားလာနေတဲ့လမ်းကြောင်းတွေမှာ ပြေးဆွဲနေကြတဲ့ ကုန်းလမ်း၊ ရေလမ်းယာဉ်အားလုံးကို စစ်ရေးအခြေအနေအရ ရပ်တန့်စစ်ဆေးသွားမှာဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က စက်တင်ဘာလ ၁၄ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း သူတို့ဆုံးရှုံးခဲ့ရပြီး ရက္ခိုင့်တပ်တော်က တပ်စွဲစခန်းချထားတဲ့နေရာတွေဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မိုင်တိုင်အမှတ် ၄၀ စခန်းနဲ့ ခမရ ၃၅၂ တပ်ရင်းစခန်းကုန်းတွေအပါအဝင် ပလက်ဝဒေသနဲ့ တခြားနေရာတချို့ကိုလည်း ဂျက်တိုက်လေယာဉ် အပါအဝင် လက်နက်ကြီးပစ်ကူ အမြောက်အမြားနဲ့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ရခိုင်နဲ့ ပလက်ဝဒေသအတွင်း စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အတူ နောက်ထပ်တိုက်ပွဲတွေ ကြီးကြီးမားမား နေရာအနှံ့ ဖြစ်ပေါ်လာနိုင်တဲ့အတွက် အခုလို ကုန်းလမ်း ရေလမ်း ခရီးသွားလာမှုတွေကို ကန့်သတ်စစ်ဆေးရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် သယ်ယူပို့ဆောင်ရေးဆောင်ရွက်နေကြတဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ရခိုင်ပြည်သူ့အစိုးရရဲ့ နိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးတွေကို သတင်းပို့ပြီးသွားလာကြဖို့၊ စစ်ဆေးမှုတွေကို ကြည်ကြည်ဖြူဖြူ ခံယူကြဖို့၊ သတင်းမပို့ဘဲ သွားလာလို့ တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာခဲ့ရင် သွားလာသူတွေရဲ့ တာဝန်သာဖြစ်ကြောင်း သတိပေးချက်မှာ ဖော်ပြထားပါတယ်။