ခိုးမှုနဲ့ ULA/AA က ဖမ်းဆီးစစ်ဆေးနေတဲ့ ကျောက်ဖြူနယ်ခံ လူငယ်တစ်ဦးသေဆုံး
2023.10.16
ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ် ကျွဲတဲကျေးရွာက လူငယ်တစ်ဦးကို ခိုးမှုနဲ့ အာရက္ခပြည်သူ့အစိုးရ (ULA/AA)က ဖမ်းဆီးသွားပြီးနောက် တစ်လခန့်အကြာမှာ အဲဒီလူငယ်ရဲ့ အလောင်းကို မိသားစုထံသို့ ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။
သေဆုံးသွားသူဟာ အသက်(၂၃)နှစ်အရွယ် ကိုအောင်နိုင်ဖြစ်ပါတယ်။ သူဟာ ကျောက်ဖြူမြို့ပေါ်မှာ အွန်ဒါ (စက်တပ်လှေ) လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး ကျွဲတဲကျေးရွာသို့ ရောက်ရှိနေစဥ် ဆိုင်ကယ်ခိုးမှုတစ်ခုနဲ့ စက်တင်ဘာ ၄ ရက်နေ့ ULA/AA ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့ ကိုအောင်နိုင်ရဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
“အောင်နိုင်က ရွာကိုလာတဲ့အချိန်မှာ ဆိုင်ကယ်တစ်စီးပါလာတယ်။ ပါလာတဲ့အချိန်မှာ သူ့ကို ဆိုင်ကယ်ခိုးတယ် ဆိုပြီးတော့ ULA အဖွဲ့အစည်းက ဖမ်းယူသွားတယ်။ မိဘတွေက ဆိုင်ကယ်ပိုင်ရှင်တွေ ရှိလား ပြေပြေလည်လည် ရှင်းဖို့ဆိုပြီးတော့ ကျောက်ဖြူကိုလိုက်သွားပြီးတော့ စုံစမ်းကြတယ်။ စုံစမ်းတဲ့အချိန်မှာ ဒီဆိုင်ကယ်က ပိုင်ရှင်လည်းမရှိ တရားလိုလည်းမရှိ အဲလိုပုံစံမျိုးကျတယ်။ ဘယ်လိုဖြစ်လဲ ဆိုတော့ ဒီအမှုကိစ္စနဲ့ပတ်သက်လို့ အောင်နိုင်နဲ့အတူနေတဲ့ ကောင်လေးနှစ်ယောက်ရှိတော့ သူတို့လည်း ဆိုင်ကယ်ကိစ္စနဲ့ အဖမ်းကျတယ်။ အဲဒီအချိန်မှာ အောင်နိုင်လည်းခိုးတာမှာပါတယ်ဆိုပြီးတော့ သူတို့ရဲ့ပြောဆိုချက်နဲ့ဖမ်းတဲ့ ပုံစံမျိုးပါ”
ကိုအောင်နိုင်ကို ဆိုင်ကယ်ခိုးမှုနဲ့ အောက်တိုဘာလပထမအပတ်မှာ ရုံးတင်စစ်ဆေးချိန် မိသားစုဝင်နဲ့တွေ့ခွင့်ရရှိခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့ကို ထပ်မံ ရုံးချိန်းထားတာဖြစ်တယ်လို့ အဲဒီမိသားစုဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။ အဲဒီရုံးချိန်းမရောက်မီ အောက်တိုဘာ ၁၀ ရက်နေ့မှာ ကိုအောင်နိုင်က ဖမ်းဆီးခံထားရတဲ့နေရာက ထွက်ပြေးခဲ့လို့ ပြန်လည်ဖမ်းဆီးပြီး ရိုက်နှက်ခံခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီလို ပြန်လည်ဖမ်းဆီးရိုက်နှက်ခံရတာကြောင့် ကိုအောင်နိုင်ဟာ အောက်တိုဘာလ ၁၁ နေ့ မနက်ပိုင်းမှာ သေဆုံးသွားကြောင်း သတင်းရရှိခဲ့တယ်လို့ အဲဒီဆွေမျိုးတော်စပ်သူက ပြောပါတယ်။
“ရုံးချိန်းမကျခင်ကာလအတိုင်းအတာမှာ အောင်နိုင်က ထွက်ပြေးတယ်ဆိုပြီး ပြန်ဖမ်းလို့ပြန်ရတယ်။ သတ်တယ်။ ၁၁ ရက်နေ့ဆိုလို့ရှိရင် မနက်အစောပိုင်းမှာသေဆုံးသွားတယ်လို့ သတင်းရပါတယ်။ ၁၁ နေ့က သေသွားလို့ မိဘတွေလိုက်လာခဲ့ဆိုပြီးတော့ သူတို့က ပြောပါတယ်။ အဲလိုဆိုလို့ရှိရင် ကျွန်တော်တို့ကတော့ လိုက်မလာတော့ဘူး။ အလောင်းကိုရွာသို့ ပြန်ပို့ပေးဆိုပြီးတော့ ပြောလိုက်တယ်။ ပြောလိုက်တော့ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ ဒီ ကျွဲတဲဆိပ်သို့ပို့လာပါတယ်”
ပြည်သူတစ်ယောက်ကို သေလောက်တဲ့အထိ မနှိပ်စက်ကြောင်း၊ ထွက်ပြေးတဲ့အတွက်ကြောင့် တုတ်နဲ့ အချက်ပေါင်း ၂ဝ၊ ၃၀ ခန့်သာ ရိုက်ခဲ့တာဖြစ်တယ်လို့ အလောင်းလာပို့တဲ့အချိန်မှာ ULA/AA အဖွဲ့က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
“အဲ့ဒီလိုပြောနေကြတဲ့အချိန်မှာတော့ အလောင်းကို ရွာသားတွေအနေနဲ့ မကြည့်ရသေးတော့ ဘာမှမသိရသေး ဘူး။ နောက်ဆုံးသူတို့သွားပြီးတဲ့အချိန်မှာ ရွာကလူတွေက စောင်နဲ့ လိပ်ထားတာကိုဖွင့်ပြီးတော့ ကြည့်တဲ့ အချိန်မှာတော့ နောက်ကျော၊ ခြေဖျား၊ ညာဘက်နံကိုင်း၊ ဘယ်ဘက်နံကိုင်းတွေ လည်ပင်းနားထိ တစ်ယောက် သတ်ထားတဲ့ဒဏ်ရာ အပ်နဲ့တို့စရာနေရာမရှိ အဆင့်ဖြစ်တယ်။ အဲဒါကြောင့် သူတို့ရဲ့ ညှဉ်းပန်း နှိပ်စက်မှုကြောင့် သေသွားတာဖြစ်တယ်လို့ အားလုံးက ဆိုလိုတယ်။ အဲလိုမျိုးသတ်ပစ်တယ်ဆိုတာကို အားလုံးသိရှိရတယ် ”
အောက်တိုဘာလ ၁၁ ရက်နေ့ အဲဒီကိုအောင်နိုင်ရဲ့ အလောင်းကိုကျေးရွာသို့ မပို့ဆောင်မီ စနဲဆေးရုံသို့ ပို့ပြီး ခွဲစိပ် စစ်ဆေးဖို့ ULA/AA အဖွဲ့က မိသားစုဝင်တွေကို အကြောင်းကြားခေါ်ယူခဲ့တယ်လို့လည်း ဆိုပါတယ်။
ဘာမဟုတ်တဲ့ကိစ္စတစ်ခုနဲ့ လူ့အသက်တစ်ချောင်း လွယ်လွယ်ကူကူနဲ့ ဆုံးရှုံးသွားသလိုမျိုးမဖြစ်သင့်တဲ့ အတွက် ကြောင့် ULA/AA အနေနဲ့ ဥပဒေကို သေသေချာချာ မှန်မှန်ကန်ကန်ဖြစ်စေလိုကြောင်း ဆွေမျိုးတော်စပ်သူက ပြောပါတယ်။
“ခွဲစိတ်ထားတာကတော့ လည်ပင်းနားကနေ ချက်နားအထိရှည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီအမှု ကိစ္စနဲ့ပတ်သက်လို့ တိတိကျကျလဲ ဖြစ်စေချင်တယ်။ နောက်နောင်ကိုလည်း မဖြစ်လာဖို့အတွက် ကျွန်တော် တို့ ပြည်သူပြည်သားတွေ အနေနဲ့ ဒီလိုပုံစံမျိုးဆိုလို့ရှိရင် အောက်ခြေတိုင်းမှာ အခက်အခဲတွေ ဖြစ်ပါတယ်။ အဲဒါအတွက်ကြောင့် ကျွန်တော်တို့က ဥပဒေတွေနဲ့ တိတိကျကျ မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း အဲဒီခါကျမှ အဆင်ပြေမယ်။ အခုလိုပုံစုံမျိုးဆိုလို့ရှိရင် ဘာမဟုတ်တဲ့ ကိစ္စနဲ့ အသက်တစ်ချောင်းသေဆုံးသွားတယ်ဆိုရင် နောက်ဒီလိုမဖြစ်လာဖို့အတွက် ဥပဒေကို သေသေချာချာ ကြပ်ကြပ်မတ်မတ် ပြည်သူတွေအနေနဲ့ ဖြစ်စေချင်တယ်။”
ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခ ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါ ဘူး။ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့ သက်ဆိုင်ရာ AA ရဲမှူးနဲ့တကွ တာဝန်ရှိသူအားလုံးကို အဖွဲ့ရဲ့ စည်းမျဥ်း စည်းကမ်းအရ စနစ်တကျ စုံစမ်းစစ်ဆေးပြီး လိုအပ်သလို အရေးယူအပြစ်ပေးဖို့ဆောင်ရွက်နေတယ်လို့ ဦးခိုင်သုခ က Myanmar Now သတင်းကို ပြောဆိုထားပါတယ်။