ဘင်္ဂလားဒေ့ရှ်ကုန်တင်သင်္ဘောနှစ်စင်းကို AA ပြန်လွှတ်ပေး
2025.01.20

အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်ကုန်တင်သင်္ဘောသုံးစင်းထဲက နှစ်စင်းကို ပြန်လွှတ်ပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းမှာ ဇန်နဝါရီလ ၂ဝ ရက်နေ့က ရေးသားပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ကုန်တင်သင်္ဘောနှစ်စင်း မနေ့နေ့လယ်ပိုင်းက တက္ကနပ်ဖ်ဆိပ်ကမ်းကို ဆိုက်ရောက်လာကြောင်း ဆိပ်ကမ်းတာဝန်ရှိသူက အတည်ပြုပြောဆိုပါတယ်။
ကျန်တဲ့ သင်္ဘောတစ်စင်းကိုတော့ ပြန်မလွှတ်သေးဘဲ ထိန်းသိမ်းထားဆဲဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ငါးခြောက်နဲ့ ကွမ်းသီးတွေ အပါအဝင် တခြားကုန်ပစ္စည်းတွေ တင်ဆောင်ပြီး ရန်ကုန်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာလာတဲ့ သင်္ဘောတွေကို ဇန်နဝါရီလ ၁၆ ရက်နေ့က နတ်မြစ်ဝမှာ AA က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသမှာ အာရက္ခတပ်တော် (AA)နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ပြင်းထန်ချိန်ကစလို့ နှစ်နိုင်ငံ ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်ခဲ့တာပါ။
လတ်တလောမှာတော့ မြန်မာဘက်က ဆန်တန်ချိန် ၂၂,၀၀၀ ကို စစ်တကောင်းဆိပ်ကမ်းမှာ လက်ခံရရှိထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဇန်နဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒီဆန်တွေဟာ မြန်မာစစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား သဘောတူညီမှုနဲ့ တင်ပို့လာတာလို့ ဆိုပါတယ်။