AA ကို ထောက်ပံ့မှု စွပ်စွဲချက်နဲ့ အငြိမ်းစား ရဲမှူးတစ်ဦး ဖမ်းဆီးခံရ
2024.12.01
အာရက္ခတပ်တော် (AA) ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အငြိမ်းစားရဲမှူး ဦးရွှေဇံဟာ ပြီးခဲ့တဲ့ရက်က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးရွှေဇံ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့ပြောပါတယ်။
အငြိမ်းစားရဲမှူး ဦးရွှေဇံဟာ ရန်ကုန်တိုင်း၊ သာကေတမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အာရက္ခတပ်တော် (AA) ကို ထောက်ပံ့တယ်ဆိုတဲ့ အချက်အလက်တွေ သူ့ရဲ့လက်ကိုင်ဖုန်းထဲမှာ တွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“သူ့ကို ဘယ်ကိုခေါ်သွားမှန်းကို မသိသေးဘူး။ မိသားစုကလည်း စိတ်ပူနေတယ်။ ခေါ်သွားတာ အခုထိကို ဆက်သွယ်လို့လည်း မရဘူး။ သူက AA ကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းထားတာလို့သိရတယ်။ သာကေတရဲစခန်းမှာ အမှုဖွင့်ပြီးတော့ ခေါ်သွားလိုက်တာ အခုအထိကို ဆက်သွယ်လို့ မရဘူး”
ဦးရွှေဇံ ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်တွေက သက်ဆိုင်ရာ ရဲစခန်းတွေကို သွားရောက်စုံစမ်းပေမဲ့ တွေ့ခွင့်မရဘဲ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က ဒီဇင်ဘာ ၁ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်အာဏာသိမ်းသုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရဆဲ လူနှစ်သောင်းကျော် (၂၁,၁၇၉) ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။