မောင်တောက ရိုဟင်ဂျာတွေသေဆုံးမှု သက်ဆိုင်မှုမရှိကြောင်း AA ထုတ်ပြန်

RFA Burmese
2024.08.07
မောင်တောက ရိုဟင်ဂျာတွေသေဆုံးမှု သက်ဆိုင်မှုမရှိကြောင်း AA ထုတ်ပြန် နတ်မြစ်အနီး ရေနစ်သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည် ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ရိုဟင်ဂျာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားချိန်မှာ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးခဲ့တာဟာ အာရက္ခတပ်တော် (AA) နဲ့ သက်ဆိုင်မှုမရှိကြောင်း AA က ဩဂုတ်လ ၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာတွေသေဆုံးခဲ့ရတဲ့ နေရာဟာ AA ထိန်းချုပ်နယ်မြေမဟုတ်ကြောင်းနဲ့ သေဆုံးတာနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေပြီး ဖြစ်စဉ်၊ ဖြစ်ရပ်မှန်တွေကို သိရရင် အမြန်ဆုံး ထုတ်ပြန်ပေးသွားမယ်လို့လည်း AA က ပြောပါတယ်။

သေဆုံးခဲ့ရသူတွေဟာ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန် (ဒါမှမဟုတ်) ဗုံးထိမှန် (ဒါမှမဟုတ်) ရေနစ်သေဆုံး (ဒါမှမဟုတ်) လေကြောင်းတိုက်ခိုက်ခံရတာ၊ ကြီးမားတဲ့ ပေါက်ကွဲမှု တစ်ခုဖြစ်ပြီး သေဆုံးခဲ့ရတာကြောင်း သိရတာကြောင့် စိတ်မကောင်းဖြစ်ရကြောင်းလည်း AA က ပြောထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း အသက်မသေဘဲလွတ်မြောက်ခဲ့သူတွေနဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေကတော့ အာရက္ခတပ်တော် (AA) က တိုက်ခိုက်တာလို့ ပြောဆိုထားကြပါတယ်။

မောင်တောမြို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ရိုဟင်ဂျာတွေဟာ နတ်မြစ်ကိုကူးပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးဖို့ ကြိုးစားချိန် သြဂုတ်လ ၅ ရက်နေ့က တိုက်ခိုက်ခံရပြီး လူရာနဲ့ချီ သေဆုံးခဲ့တယ်လို့ အသက်ရှင်လွတ်မြောက်ခဲ့သူတွေက ပြောပါတယ်။

AA အနေနဲ့ မောင်တောမြို့သိမ်းတိုက်ပွဲမတိုင်ခင် ဇွန်လ ၁၆ ရက်နေ့ကတည်းက အရပ်သားတွေ မြို့ကနေ အမြန်ဆုံးထွက်ခွာဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီနဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊ RSOနဲ့ ARA အဖွဲ့တွေက အရပ်သားတွေ ထွက်ခွာခွင့်မရအောင် တားမြစ်ခဲ့တယ်လို့လည်း AA က ပြောပါတယ်။

AA အဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

တပ်ဖွဲ့ဝင်တွေကို စစ်ပွဲအတွင်း လိုက်နာရမဲ့ စစ်စည်းကမ်း၊ စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို အခြေခံစစ်သင်တန်းမှာ ညွှန်ကြားထားတယ်လို့လည်း AA က ပြောထားပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲဟာ ပိုမိုပြင်းထန်လာတာကြောင့် အရပ်သားတွေ နေရပ်စွန့်ခွာရာမှာ ဘေးကင်းလုံခြုံစေဖို့ အာရက္ခတပ်တော် ရှိတဲ့နေရာတွေကိုသာ ဦးတည်ထွက်ခွာကြဖို့၊ မြို့တွင်းမှာ ပိတ်မိနေကြသူတွေကလည်း ကျည်လွတ်တဲ့နေရာကို အကာအကွယ်ယူပြီးနေထိုင်တာ၊ အလံဖြူအမှတ်အသားတွေ လုပ်ထားတာနဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ ဝေးတဲ့နေရာတွေမှာ နေထိုင်ကြဖို့ကို AA က တိုက်တွန်းထားပါတယ်။

မောင်တောဒေသက အရပ်သားပြည်သူတွေအနေနဲ့ အသက်အန္တရာယ်ထိခိုက်မှုမရှိစေဖို့ ထုတ်ပြန်ချက်တွေကို တိကျစွာလိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။