မောင်တောတိုက်ပွဲအတွင်း အရပ်သားနှစ်သောင်းကျော်ကို ကယ်ထားကြောင်း AA ပြော

RFA Burmese
2024.08.30
မောင်တောတိုက်ပွဲအတွင်း အရပ်သားနှစ်သောင်းကျော်ကို ကယ်ထားကြောင်း AA ပြော မောင်တောမြို့နယ် တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့က တွေ့ရစဥ်။
AA Info Desk

ရခိုင်ပြည်နယ်၊ မောင်တောမြို့က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်နဲ့ မွတ်စလင် လက်နက်ကိုင်တွေ ဖမ်းဆီးခေါ်ဆောင်ထားတဲ့ အရပ်သား ၂၆,၀၀၀ နီးပါးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က သြဂုတ်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မောင်တောမြို့၊ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်တွေမှာလည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ တပ်သားတွေရဲ့ ရုပ်အလောင်းတွေ၊ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက်တိုက်ခိုက်နေပြီး မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ၊ မွတ်စလင် လက်နက်ကိုင်တွေနဲ့ ARSA၊ RSO၊ ARA လက်နက်ကိုင်အဖွဲ့တွေဟာ တစ်ခုတည်းသာ ကျန်ရှိတော့တဲ့ နခခ-၅ တပ်စခန်းကို ဆုတ်ခွာသွားကြတယ်လို့ AA က ပြောပါတယ်။

သြဂုတ် ၂၈ ရက်နေ့ကလည်း အဲဒီတပ်စခန်းကနေ လက်နက်ကြီးတွေအပြင် ဓာတုအဆိပ်ငွေ့ပါတဲ့ဗုံးတွေကို အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့လည်း AA က ပြောထားပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ်မှာ တစ်ခုတည်းသာ ကျန်တော့တဲ့ မောင်ရွှေလေးရေတပ် မကျဖို့ စစ်ကူတွေအပြင် ရေတပ်စစ်သင်္ဘော ရှစ်စင်းနဲ့ အပြင်းအထန်ခုခံနေတယ်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို မနေ့က ဖြေဆိုထားပါတယ်။

“မောင်ရွှေလေး ရေတပ်ကတော့ မကျဖို့ စကစဘက်က အပြင်းအထန် ခုခံနေတယ်။ အဲဒီရေတပ်အနီးမှာ ရေတပ်သင်္ဘောရှစ်စင်းနဲ့ နေ့ရော ညပါ ပစ်ခတ်ပြီး အပြင်းအထန် ခုခံနေတယ်။ ရေတပ်ကနေ ထွက်ပြေးလာတဲ့ စကစတပ်တွေကို ဖမ်းဆီးထားတာရှိတယ်”

AA ကလည်း အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဂွ၊ ကျိန္တလီနဲ့ အဲဒီနေရာတွေနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲကိုးလကျော်တွင်း ရခိုင်ပြည်နယ်ထဲက မြို့နယ် ကိုးမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။

လက်ရှိ မောင်တောနဲ့ သံတွဲမြို့တို့မှာလည်း စစ်ကောင်စီတပ်စခန်း တစ်ခုစီသာ ကျန်ရှိပါတော့တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။