AA က ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီကို လက်နက်ထောက်ပံ့

RFA Burmese
2024.09.29
AA က ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီကို လက်နက်ထောက်ပံ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် အာရက္ခတပ်တော် (AA) မှ ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင် CDF-Matupi (တပ်မဟာ-၁) ထံ လက်နက်ခဲယမ်းထောက်ပံ့ခဲ့စဉ်။
Facebook/ Chinland Defense Force Matupi - Brigade 1

အာရက္ခတပ်တော် (AA) က ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-Matupi) ရဲ့ တပ်မဟာ-၁ ကို လက်နက်ခဲယမ်းတွေ ထောက်ပံ့ခဲ့ပြီး စစ်ရေးပူးပေါင်းမှု ပိုမိုအားကောင်းအောင် လုပ်ဆောင်မဲ့အကြောင်း CDF-Matupi (တပ်မဟာ-၁) က စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ပါတယ်။

AA ရဲ့ မဟာမိတ်ဖြစ်တဲ့ ချင်းညီနောင်(Chin Brotherhood) အဖွဲ့ဝင် CDF-Matupi (တပ်မဟာ-၁) ထံ လက်နက်ခဲယမ်းထောက်ပံ့ပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့ က ပြုလုပ်ခဲ့တာပါ။

အဲဒီ အခမ်းအနားမှာ AA နဲ့ CDF-Matupi (တပ်မဟာ-၁) ရဲ့ နှစ်ဘက်ကလုံးက တပ်မှူးတွေ တက်ရောက်ခဲ့ပြီး စစ်ရေးပူးပေါင်းမှုနဲ့ မဟာမိတ်ဆက်ဆံရေး ပိုမိုအားကောင်းလာအောင် ဆောင်ရွက်မဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ချင်းပြည်နယ်အတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ် ကင်းစင်ရေးတိုက်ပွဲတွေမှာ AA က ပူးပေါင်းတိုက်ပွဲဝင်ပေးတာနဲ့ လက်နက်ခဲယမ်းတွေ ထောက်ပံ့တာတွေအတွက်လည်း AA ကို ကျေးဇူးတင်ကြောင်း CDF-Matupi (တပ်မဟာ-၁) က ပြောပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းပြီး ဒီနှစ်အတွင်း စစ်ကောင်စီကင်းစင်တဲ့ ချင်းပြည်နယ်ဖြစ်ဖို့ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ဇူလိုင်လတွင်းမှာ RFA ကို ပြောထားပါတယ်။

ချင်းပြည်နယ် မတူပီမြို့ကို ချင်းညီနောင်အဖွဲ့တွေနဲ့အတူ အာရက္ခတပ်တော် (AA)၊ ယောတပ်မတော် (Yaw Army) နဲ့ ယောကာကွယ်ရေးတပ် (YDF) တို့ ပူးပေါင်းပြီး ဇွန်လ ၉ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။