မင်းတပ်မှာ ဘာသာရေးဆရာတော်တွေ တာဝန်ခံမှ ဆန်၀ယ်ယူခွင့်ရ
ချင်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မင်းတပ်မြို့မှာ အခြေခံ စားသုံးကုန် ဖြစ်တဲ့ ဆန်ကို စစ်ကောင်စီဘက်က ထိန်းချုပ်ပြီး ကန့်သတ်ရောင်းချ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ဒေသခံတွေကို ဘာသာရေး ဆရာတော်တွေက တာဝန်ခံပေးမှသာ ဆန် ဝယ်ယူခွင့်ရတယ်လို့ မင်းတပ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"လိုသလောက်တော့ ၀ယ်လို့ရတယ်၊ အိမ်မှာထားလို့တော့ မရဘူး။ စစ်ကောင်စီ သတ်မှတ်ထားတဲ့ ဘုရားကျောင်းတွေမှာ ထားရမယ်။ ချက်ဖို့လိုတဲ့အခါ ဘာသာရေး ဆရာတစ်ဦးက တာဝန်ခံပြီးမှ ထုတ်ပေးရတယ်"
စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ကစပြီး ဆန်တစ်အိတ်ကို ၄၀,၀၀၀ ကျပ်နဲ့ ရောင်းနေတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းကာကွယ်ရေးအဖွဲ့ (CDF မင်းတပ်) နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲစဖြစ်ကတည်းက မင်းတပ်မြို့ကို ဆန်အပါအ၀င် အခြေခံ စားသုံးကုန် သယ်ယူခွင့် ပိတ်ပင်ထားတာပါ။
နှစ်ဖက်တိုက်ပွဲတွေကြောင့် မင်းတပ်မြို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၉၀၀၀ ကျော် ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။