ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြသူ ၁၅ ဦးခန့် ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ စက်တင်ဘာလ ၁၃ ရက် မနေ့ ညနေပိုင်းက အာဏာရှင်ဆန့်ကျင်ရေး သပိတ်ဖြိုခွင်းခံရပြီး ၁၅ ဦးခန့် ဖမ်းဆီးခံလိုက်ရ တယ်လို့ သပိတ်မှာပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
မနေ့ညနေ ၄ နာရီခွဲဝန်းကျင်က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလမှာ ဆက်လက်ခန့် အပ်ဖို့ တောင်းဆိုတဲ့ သပိတ်စတင်ချိန်မှာပဲ စစ်ကောင်စီရဲ့ အရပ်ဝတ်တွေ၊ အိမ်စီးကားသုံး စီး၊ တက္ကစီနှစ်စီးနဲ့ ဝင်ရောက်ဖြိုခွင်း ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သပိတ်မှာ ပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။
"ဖမ်းဆီးခံရသူတွေကတော့ အတည်ပြုလို့ရပါတယ်။ သူတို့ရဲ့ အန္တရာယ်ကလည်း အင်မတန် ကြီးပါတယ်ဗျ။ အရပ်ဝတ်တွေက တော်တော်များတယ်။ မြေပြင်မှာတင် ငါးယောက်၊ ခြောက်ယောက်လောက်ရှိတယ်။ တက္ကစီက နှစ်စီး၊ အိမ်စီးကား သုံးစီးနဲ့ လေးဘက်လေးတန် ဝင်ဖြိုတာဗျ။ ကျနော့်ရှေ့မှာ ဖမ်းသွားတဲ့ကောင်လေးကိုဆို အင်မတန် ရိုက်နှက်တယ်၊ လည်ပင်းကို ညှစ်ပြီးတော့ ဆွဲခေါ်သွားတာကို တွေ့ရတယ် ဗျ"
သူ့အနေနဲ့ သပိတ်ကို လာရောက်ပူးပေါင်းဖို့ အနည်းငယ်နောက်ကျနေရာကနေ ပန်းပင်ကြီး လမ်းထဲ ရောက်ချိန်မှာတော့ သေနတ်ပစ်ဖောက်သံတွေ၊ အော်ဟစ်သံတွေလည်း ကြားခဲ့ ရပြီး သပိတ်ဖြိုခွင်းခံရတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အခြေခံပညာ ကျောင်းသားလူငယ်များ အစည်းအရုံး (အကလ-ဗဟို)၊ Myanmar Labour Alliance ၊ ဗမာ့လူငယ်ကွန်ရက်၊ ပညာနန်းတော်ကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ၊ Owl Community တို့က ပါဝင်တယ်လို့ ပြောပါတယ်။
ဒီသပိတ်ကို ဦးဆောင်ခဲ့တဲ့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ရဲ့ ဥက္ကဋ္ဌ ကတော့ အဖမ်းခံရတဲ့အထဲ သူတို့အဖွဲ့က အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ LGBT တစ်ဦးပါဝင်တယ်လို့ RFA ကို အတည်ပြုပါတယ်။
မနေ့က ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီးနဲ့ LGBT အများဆုံးပါဝင်ပြီး သူတို့ကို ကြည့်မြင် တိုင် ရဲစခန်း၊ ရွှေပြည်သာနဲ့ ရေကြည်အိုင် စစ်ကြောရေးတွေမှာ ဖမ်းဆီးထားတယ်လို့လည်း ရေဘဝဲအဖွဲ့ ဥက္ကဋ္ဌက ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ကလည်း သူတို့ရဲ့ အဖွဲ့ဝင် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားသုံးဦးပါ ဖမ်းဆီးခံလိုက်ရတယ်လို့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီပန်းပင်ကြီးလမ်း ဖမ်းဆီးခံရမှုကနေ လွတ်မြောက်လာသူတစ်ဦးကလည်း သပိတ်မစခင် က ပတ်ဝန်းကျင်မှာ လူငယ်တချို့နဲ့ Alphard အပါအဝင် အိမ်စီးကားတချို့ ရပ်ထားတာ တွေ့ရတယ်လို့ RFA ကို ပြောပါတယ်။
သပိတ်စချိန်မှာတော့ အိမ်စီးကားတွေနဲ့ လမ်းထဲကအရပ်ဝတ်တွေ ထွက်လာပြီး ရိုက်နှက် ဖမ်းဆီးတာတွေနဲ့ သေနတ်ပစ်ခတ် ဖမ်းဆီးမှုလုပ်ခဲ့ရာကနေ တစ်ဦးထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
အဖမ်းခံရတဲ့အထဲမှာ ဆန္ဒပြသပိတ်ကို သတင်းယူနေတဲ့ သတင်းထောက်အချို့ပါ ပါဝင် တယ်လို့ သတင်းတွေ ထွက်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး ပါဘူး။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း အဲဒီပန်းပင်ကြီးလမ်းမှာ ဆန္ဒပြနေတဲ့လူငယ် တွေကို စစ်ကောင်စီ တပ်သားတွေက စစ်ကားနဲ့တိုက်ဖြိုခွင်းပြီး ဖမ်းဆီးတာ ခံခဲ့ရပါတယ်။