အရာတော်မှာ ပြီးခဲ့တဲ့တစ်လအတွင်း နေအိမ် ၁၈၀ ခန့်မီးရှို့ခံရပြီး ဒေသခံခုနစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ကနေ ဩဂုတ်လ ၂၃ ရက်နေ့အထိ တစ်လအတွင်း ရွာပေါင်းခုနစ် ရွာက နေအိမ် ၁၈၀ ခန့်မီးရှို့ခံခဲ့ရပြီး ဒေသခံခုနစ်ဦး အသတ်ခံခဲ့ရတယ်လို့ အရာတော် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ ၁၄ ရက် ဒီနေ့ ပြောပါတယ်။
မီးရှို့ခံရတဲ့အထဲမှာ ဇီးပင်လည်၊ ရှောက်ခါး၊ ကောင်းသစ်၊ မင်းရွာ၊ နေရာခင်း၊ ငြိမ်းစံနဲ့ ကျွဲခြံစတဲ့ရွာတွေ ပါဝင်ပြီး အဲဒီအထဲမှာ မင်းရွာက နေအိမ် ၁၃၂ လုံးနဲ့ အများဆုံး မီးရှို့ ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ တိုက်ပွဲမရှိဘဲ ရွာတွေထဲဝင်ရောက် မီးရှို့ခဲ့တာလို့ အရာတော်မြို့နယ် ပြည်သူအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အရာတော်ကိုဝင်တာက များသောအားဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်သားတွေများတယ်။ ရွာထဲကို ဝင်တယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လူတွေ တွေ့ရင် လူသားဒိုင်းလုပ်တယ်။ နောက်သတ်ပစ်တယ်။ စစ်တပ်ကိုတော့ ပြည်သူတွေက မုန်းနေကြပါပြီ”
လှည်းချောင်းကူးရွာက မသူဇာနွယ်၊ ကံရင်းရွာက ကိုကျော်သက်ဦး၊ မင်းရွာက ဒေါ်ရှင်၊ ကုန်းသာရွာက ကိုဆိတ်ပိုနဲ့ ဝါးတန်းရွာက ကိုပြည့်ဖြိုးအောင်တို့လည်း အသတ်ခံခဲ့ရ တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်း တစ်နှစ်ခွဲကျော်အတွင်း အရာတော်မြို့နယ်ထဲမှာ နေအိမ် ၁၁၇၅ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံ ၁၇ ဦး အသတ်ခံခဲ့ရပြီး တစ်ရာကျော် အဖမ်းခံထားရတယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဘက်က အရပ်သားတွေကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး International Court of Justice (ICJ) တရားရုံးကို သက်သေအဖြစ် တင်သွင်းသွားမယ်လို့လည်း ဆိုပါ တယ်။
လက်ရှိမှာတော့ အရာတော်မြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထပ်ထိုးတာ မရှိသေးဘူးလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
အရာတော်မြို့နယ်ထဲက စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း တွေ CDM ပြုလုပ်ဖို့နဲ့ CDM မလုပ်တဲ့ဝန်ထမ်းတွေကို အရေးယူမှုတွေ လုပ်သွားမယ်လို့ အခုလ ၁၁ ရက်နေ့မှာ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထား ပါတယ်။