ငြိမ်းချမ်းရေးဆွေးနွေးပွဲ ABSDF တက်ရောက်မှာမဟုတ်ကြောင်း ထုတ်ပြန်

2022.05.08
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ABSDF တက်ရောက်မှာမဟုတ်ကြောင်း ထုတ်ပြန် ABSDF တပ်ဖွဲ့ဝင်များအား ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားတွင် တွေ့ရစဉ်
Photo: RFA

စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF အနေနဲ့ တက်ရောက် မှာ မဟုတ်ဘူးလို့ မေလ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ဟာ တန်းတူရည်တူဆွေးနွေးဖို့ လုံလောက်တဲ့ အခင်းအကျင်း မရှိတာကြောင့် ABSDF အနေနဲ့ ပါဝင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဆွေးနွေးပွဲမှာ ပါဝင်သင့်တဲ့သူတွေ ပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေး တွေ့ဆုံဆွေး နွေးပွဲဖြစ်ဖို့ လိုအပ်တယ်လို့လည်း ABSDF က ရေးသားထားပါတယ်။

ဒီမတိုင်ခင် မေလ ၅ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ အသီးသီးထုတ်ပြန်ထားကြပါတယ်။

KIO အပြင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) အဖွဲ့ဝင်တွေ ဖြစ်တဲ့ UWSA၊ SSPP၊ TNLA၊ MNDAA၊ NDAA နဲ့ AA တို့ကလည်း ဒီဆွေးနွေးပွဲကို တက် ရောက်၊ မရောက် စစ်ကောင်စီဘက်ကို အကြောင်းပြန်ထားတာ မရှိသေးပါဘူး။

NCA လက်မှတ်ထိုးထားပြီးဖြစ်တဲ့ လားဟူအဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး CNF ကရင်အမျိုး သား အစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တွေက တော့ တွေ့ဆုံပွဲကို တက်ရောက်ဖို့ မရှိဘူးလို့ သိရပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲကို တက်ရောက်ဖို့ ရှိနေပါတယ်။

စစ်ကောင်စီကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ မေလ ၉ ရက် နောက်ဆုံး ထား စာရင်းပေးခိုင်းထားပြီး သတ်မှတ်ရက်မတိုင်ခင်မှာပဲ တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့ အသီးသီးက သူတို့ရဲ့ သဘောထားရပ်တည်ချက်တွေကို ထုတ်ပြန်လာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။