မြန်မာကျောင်းသား တပ်မတော် ABSDF ကို အကြမ်းဖက် အဖွဲ့စာရင်းက ပယ်ဖျက်တော့မယ်လို့ သိရ

ဒီသတင်းနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုမှာ ဒုက္ခသည် အဖြစ် ခိုလှုံနေထိုင်ခွင့်ရထားတဲ့ မြန်မာ ကျောင်းသား တပ်မတော် ABSDF အဖွဲ့ဝင်ဟောင်းတွေဆီကို ဒေသဆိုင်ရာ လူထု အထောက်အကူပြု အဖွဲ့အစည်းက တဆင့် ဒီဇင်ဘာလ (၂၂) ရက်မှာ အကြောင်းကြားခဲ့တယ်လို့ ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်က အာအက်ဖ်အေကို ပြောပါတယ်။

2010.12.28

အမေရိကန်ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက ပယ်ဖျက်တော့မယ့် ဥပဒေဟာ Green Card လို့ခေါ်တဲ့ အမြဲတမ်း နေထိုင်ခွင့် နဲ့ နိုင်ငံသားဖြစ်ခွင့် အတွက် ကန့်သတ်ခံထားရတဲ့ ABSDF အဖွဲ့ဝင်ဟောင်းတွေ သာမက မြန်မာ နယ်စပ် တလျှောက်မှာ လက်နက်စွဲကိုင် တော်လှန်နေတဲ့ လက်ရှိအဖွဲ့ဝင်တွေ အတွက်ပါ အကြုံးဝင်တယ်လို့ဦးထွန်းအောင်ကျော်က ဆိုပါတယ်။


"လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ABSDF အဖွဲ့ဝင်တွေ ကိုလည်း အကြမ်းဖက် အဖွဲ့ဝင် မဟုတ်တော့ဘူးလို့ ဒါ သတ်မှတ်လိုက်တာပေါ့။ အကြမ်းအဖွဲ့လို့ သတ်မှတ်တာ အဓိက ကတော့ လူတွေ အများအပြား သေကြေဖို့ လုပ်တဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ အမေရိကန် နိုင်ငံတွင်းမှာ လာပြီးတော့ အမေရိကန် နိုင်ငံသူ နိုင်ငံသားတွေကို သေကြေ ပျက်ဆီးအောင် ကြံစီတဲ့ အဖွဲ့အစည်းတွေကို အဓိက ဦးတည် ပြီးတော့ အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်တာ ဖြစ်တယ်။"


အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ်က 9/11 အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စစ်အစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေကြတဲ့ အဖွဲ့တွေကို ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာနက အကြမ်းဖက် အုပ်စုစာရင်းထဲမှာ ထည့်သွင်း သတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ သုံးလေးနှစ်လောက် ကစပြီး KNU နဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အဲဒီ စာရင်းထဲကနေ ပယ်ဖျက် ပေးခဲ့ပါတယ်။

ကျောင်းသား တပ်မတော် ABSDF အဖွဲ့ တစ်ခုတည်းသာ အကြမ်းဖက် အုပ်စု စာရင်းထဲမှာ ကျန်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ပယ်ဖျက်တော့မယ် ဆိုတာကြောင့် အမေရိကန်ရောက် အဖွဲ့ဝင်ဟောင်းတွေ အတွက် ကန့်သတ်ချက်တွေ ရှိတော့မှာ မဟုတ်ဘူးလို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဒီလိုပယ်ဖျက်နိုင်အောင် အမေရိကန် လွှတ်တော်အမတ်တွေ ကလည်း ဝိုင်းဝန်း ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာနက မကြာခင် သတင်း ထုတ်ပြန်မယ်လို့ သိရပါတယ်။

RFA က သက်ဆိုင်ရာဌာနကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် နှစ်သစ်ကူး အားလပ်ရက် အတွင်း ရုံးတွေ ပိတ်ထားတာကြောင့် ပြန်လည် ဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။