ထောင်ဒဏ်တစ်သက်ချခံထားရတဲ့ ဗကသကျောင်းသားကို စစ်ကောင်စီ သေဒဏ်အမိန့်ထပ်ချ

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2023.04.28
ထောင်ဒဏ်တစ်သက်ချခံထားရတဲ့ ဗကသကျောင်းသားကို စစ်ကောင်စီ သေဒဏ်အမိန့်ထပ်ချ သေဒဏ်အမိန့်ထပ်မံချမှတ်ခံရသည့် ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် ကိုကောင်းဆက်ပိုင်။
ABFSU

ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံထားရတဲ့ ဗကသ ကျောင်းသား ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက ဧပြီ ၂၅ ရက်နေ့မှာ သေဒဏ်အမိန့်ထပ်တိုးချမှတ်လိုက်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ဗကသ က ဧပြီ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ကိုကောင်းဆက်ပိုင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တို့နဲ့ သေဒဏ်အမိန့် ထပ်တိုးချမှတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ကိုကောင်းဆက်ပိုင်ဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ(ည)တို့နဲ့လည်း မတ်လ ၂၂ ရက်နေ့က တစ်သက်တစ်ကျွန်းချမှတ်ခံထားရတာပါ။

သူဟာ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရဲ့ ကျောင်းသားများသမဂ္ဂ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံဖြစ်ပြီး ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ကိုကောင်းဆက်ပိုင်နဲ့ တခြားဗကသအဖွဲ့ဝင်တွေကို မတရားပုဒ်မတွေနဲ့ စွပ်စွဲဖမ်းဆီး ထောင်ချတာတွေအပြင် ပြည်သူတွေကို ဖမ်းဆီးထောင်ချတာ၊ သတ်ဖြတ်တာ၊ အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးတာ စတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်တွေထဲမှာ သေဒဏ်ချမှတ်ခံထားရသူ တစ်ဦး၊ တစ်သက်တစ်ကျွန်း ချခံထားရသူ သုံးဦး ရှိပါတယ်။ 

သေဒဏ်အမိန့်ချနေတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က “သေဒဏ်ချမှတ်တာတွေဟာ သေဒဏ်နဲ့ထိုက်တဲ့ ပြစ်ဒဏ်တွေကျူးလွန်ထားတဲ့အတွက်ကြောင့် ဖြစ်ပြီး သေဒဏ်စီရင်မှုတွေကို ဆက်လုပ်သွားမယ်” လို့ ၂၀၂၂ ခုနှစ် ဇူလိုင်လက သတင်းမီဒီယာအချို့ကို ပြောထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးကတည်းက ၂ဝ၂၃ ဧပြီ ၂၈ ရက်နေ့အထိ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်အသီးသီးမှာ ထိန်းသိမ်းခံထားရသူ ၁၁၁ ယောက် ရှိပါတယ်။

ဒါ့အပြင် မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၂ ‌ယောက်ရှိတဲ့အတွက် စုစုပေါင်း သေဒဏ်ချမှတ်ခံရသူ ၁၅၃ ယောက်ရှိတယ်လို့ AAPP စာရင်းမှာ ဖော်ြပထားပါတယ်။

စစ်ကောင်စီက သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မတွေ၊ လူသတ်မှုပုဒ်မ ၃၀၂ တို့နဲ့ စွပ်စွဲ‌ပြီး အမိန့်ချမှတ်ထားတာဖြစ်ပါတယ်။ AAPP စာရင်းတွေအရ တစ်ကြိမ်ထက်ပိုပြီး သေဒဏ်အမိန့်ချမှတ်ခံထားရသူ ငါးဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။