ကျုံပျော်နဲ့ ကန်ကြီးထောင့်မှာ မိုးစပါးဧက ၁၄,၀၀၀ ကျော် ရေမြုပ်နေ

RFA Burmese
2024.07.30
ကျုံပျော်နဲ့ ကန်ကြီးထောင့်မှာ မိုးစပါးဧက ၁၄,၀၀၀ ကျော် ရေမြုပ်နေ ကျုံပျော်မြို့နယ် ပင်လုံရပ်ကွက်အတွင်း ရေကြီးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဥ်။
နာရေးကူညီမှုအသင်း(ကျုံပျော်)

ဧရာဝတီတိုင်း ကျုံပျော်နဲ့ ကန်ကြီးထောင့်မြို့နယ်မှာ ဒါးကမြစ်ရေမြင့်တက်လာတာကြောင့် မိုးစပါးစိုက်ဧက ၁၄,၀၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာရဲ့ ဇူလိုင်လ ၃၀ ရက် ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။

ကျုံပျော်မြို့နယ်မှာ ဧကတစ်သောင်းကျော် (၁၀,၃၀၇ ဧက)နဲ့ ကန်ကြီးထောင့်မြို့နယ်မှာ ဧက လေးထောင်နီးပါး (၃၈၈၉ ဧက) ရေဝင်နစ်မြုပ်နေတာပါ။

စပါးခင်းတွေ ရေမြုပ်တာ ရက်ကြာလာရင်တော့ တောင်သူတွေ ထိခိုက်ဆုံးရှုံးမှု ပိုများလာနိုင်တယ်လို့ ကျုံပျော်မြို့နယ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လောလောဆယ်ကတော့ ရေမြုပ်တဲ့နေရာတွေက လယ်သမားတွေကတော့ ပြန်စိုက်ဖို့ မျိုုးစပါးတို့၊ မြေသြဇာတို့ ပြန်စိုက်ရင် လိုမှာပေါ့။ အဓိကကတော့ မျိုးစပါး လိုအပ်ချက်ရှိလာမယ်”

ကျုံပျော်မြို့နယ်မှာ မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တချို့နဲ့ ရွာပေါင်း သုံးဆယ်ခန့်မှာ ရေဝင်နစ်မြုပ်နေတယ်လို့ သူက ပြောပါတယ်။

ကန်ကြီးထောင့်မြို့နယ်မှာတော့ ကျေးရွာအုပ်စု ၇၃ အုပ်စုရှိတဲ့အနက် ကျေးရွာအုပ်စု ၁၅ အုပ်စုမှာ ရေကြီးနစ်မြုပ်တာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကျောင်းကုန်းမြို့နယ်မှာလည်း ဒါးကမြစ်ရေမြင့်တက်လို့ စာသင်ကျောင်း ၄၇ ကျောင်း ပိတ်ထားရတယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA ကဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိမှာတော့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်က မြို့ကိုးမြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။