လက်ပံတောင်းစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြကြ
2014.12.25
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပေး ဖို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃၀ လောက် ဟာ ရန်ကုန် မြို့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
စီမံကိန်းနယ်မြေမှာ တရုတ်နိုင်ငံသားလုံခြုံရေးအဖွဲ့တွေ ရှိနေတာဟာ အမျိုးသား အချုပ်အခြာအာဏာကို ထိပါးနေတာကြောင့် အခုလိုတောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲကိုဦးဆောင်သူ ကိုမြတ်ကျော်က ပြောပါတယ်။
"တရုတ်အစိုးရရဲ့စီးပွားရှာ၊ ကိုယ်ကျိုးရှာ၊ ပေါ်လ စီကြောင့်ကျနော် တို့ မြန်မာပြည်က လယ်သမား၊ အပြစ်မဲ့တဲ့ လယ်သမားတွေ၊ အပြစ်မဲ့တဲ့ ပြည် သူတွေသေနေရတယ်၊ နောက်တစ်ခုက ကျနော်တို့မြန်မာပြည်မှာ လက်ပံတောင်းနယ်မှာ တရုတ်အလံကိုစိုက်ပြီးတော့ တရုတ်အမျိုးသားတပ်နဲ့နေတယ်ဆိုတာ ကျနော်တို့ အမျိုးသား အချုပ်အခြာ အာဏာကို ထိပါးနေတယ်လို့ ကျနော်တို့မြင်ပါတယ်၊ နောက်တစ်ချက်က အမျိုးသား အချုပ်အခြာ အာဏာ ထိပါးနေတဲ့နေရာဖြစ်တဲ့ လက်ပံတောင်းတောင် စီမံကိန်းကို ချက်ချင်းရပ်ပေးပါ"
ဆန္ဒပြသူတွေဟာ ပြည်သူ့တွေဘဝလုံခြုံဖို့အတွက် တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။
ဒီနေ့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြပွဲမပြုလုပ်ခင်ကတည်းက လုံခြုံရေးအင်အား ၁၀၀ ကျော်နဲ့ လုံခြုံရေးတင်းကြပ်စွာ ချထားပါတယ်။အလားတူ ဆန္ဒပြပွဲနဲ့ ဆုတောင်းပွဲကို ဒီနေ့ညနေ အင်းလျားကန်ဘောင်မှာ ကျောင်းသား သမဂ္ဂအဖွဲ့တွေက ပြုလုပ်ခဲ့ပါတယ်။