ပြည်မြို့မှာ အာဇာနည်နေ့အခမ်းအနား တက်ရောက်သူတချို့ ဖမ်းဆီးခံရ

2022.07.19
ပြည်မြို့မှာ အာဇာနည်နေ့အခမ်းအနား တက်ရောက်သူတချို့ ဖမ်းဆီးခံရ ပြည်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်
citizen journalist

၁၉ ဇူလိုင် အာဇာနည်နေ့အခမ်းအနားကို စစ်ကောင်စီက ပဲခူးတိုင်း ပြည်မြို့မှာ ကျင်းပခဲ့ပေမယ့် အခမ်းအနား လာရောက်သူတွေကိုတော့ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ပြည်မြို့က ဗိုလ်ချုပ်မြင်းစီးရုပ်တုမှာ အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့တာဖြစ်ပြီး၊ အခမ်းအနားအတွက် လွမ်းသူ့ပန်းခွေ သယ်ဆောင်လာတဲ့ကားကို ရဲတွေက စစ်ဆေးပြီး ကားပေါ်ပါလာသူတွေကို ထိုးကြိတ် ဖမ်းဆီးသွားတာလို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီက ပြောရမယ်ဆိုရင် အယောင်ပြအာဇာနည်နေ့ အထိမ်းအမှတ်ဆိုပြီး ဟန်ပြလုပ်တယ်။ ပြောချင်တာက သူတို့ဘာလို့ အခမ်းအနားလုပ်လဲ။ အာဇာနည်ကိုးဦးပုံတွေနဲ့ ဘာလို့လုပ်နေလဲ။ အခမ်းအနားလုပ်ရင်တော့ ပြည်သူတွေက သွားကြမှာပဲလေ။ ကျမတို့လည်း နှစ်တိုင်းသွားကြတာပဲလေ။ အခမ်းအနားကြီးလုပ်ပြီး ပြည်သူကို အချမခံတာတော့ မဟုတ်သေးဘူး”

ရွှေဟင်္သာအနောက်ပေါက်အနီးမှာရှိတဲ့ လေးကျွန်းမဏ္ဍိုင်ဆီစက်ရှေ့မှာ မနက် ၇ နာရီခွဲလောက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ ဖမ်းဆီးခံရသူတွေဟာ ဘယ်သူတွေလဲ ဆိုတာနဲ့ ဘယ်နှယောက် ဖမ်းဆီးခံခဲ့ရလဲ ဆိုတာကိုတော့ စုံစမ်းနေဆဲပါ။

ဒီကနေ့မှာပဲ ပြည်မြို့က အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်လူငယ်တွေကလည်း အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် “အသက်တွေ၊ ဘဝတွေရင်းထားရတဲ့ တော်လှန်ရေးကြီးဖြစ်လို့ ဒို့ပြည်သူတွေ သွေးမအေးကြေး”ဆိုတဲ့ စာတန်းပါ ဘန်နာချိတ်ဆွဲတာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်တွေ ကြဲချတာတွေ လုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီကတော့ မြို့အဝင်အထွက် စစ်ဆေးနေတဲ့ ဂိတ်တွေမှာ လုံခြုံရေးတင်းကျပ်ထားပြီး၊ မြို့တွင်း လမ်းပေါ်တွေမှာလည်း ရဲအင်အား တိုးချထားတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။