မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနဲ့ စီးပွားရေးအတွက် ကမ္ဘာ့ဘဏ် ဆက်လက်ကူညီမည်


2018.07.10
wb-kwakwa-assk-622 ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌ Ms. Victoria Kwakwa နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။
Ministry of Foreign Affairs Myanmar

မြန်မာနိုင်ငံက ငြိမ်းချမ်းရေး၊ လူမှုအသိုင်းအဝိုင်းတွေကြား သဟဇာတဖြစ်ရေးနဲ့၊ စီပွားရေးပြုပြင် ပြောင်းလဲရေးတို့အတွက် ဆက်လက်ကူညီမယ်လို့ ကမ္ဘာ့ဘဏ်က ဒီနေ့ပြောလိုက်ပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာ (Ms. Victoria Kwakwa) ရဲ့ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အဲဒီလို ဖော်ပြလိုက်တာပါ။

ခရီးစဉ်အတွင်း Ms. Kwakwa ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ တာဝန်ရှိသူတွေ၊ သံတမန်တွေနဲ့ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံက လူမှု အသိုင်းအဝန်းအားလုံး သဟဇာတရှိရှိ နေနိုင်ရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးက အဓိက ကျတာကို ဆွေးနွေးခဲ့ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကိုပေးတဲ့ ဘဏ္ဍာရေးနဲ့ နည်းပညာ အကူအညီတွေဟာ ဒီအချက်ပေါ် အခြေခံမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရပ်ရွာအသိုင်းအဝိုင်းတွေရဲ့ စွမ်းဆောင်ရည် မြင့်မားရေးအတွက် ရည်ရွယ်တဲ့၊ ငြိမ်းချမ်းပြီး စည်ပင်ဖွံ့ဖြိုးတဲ့ အသိုင်းအဝိုင်း ထူထောင်ရေး  အစီအစဉ်အတွက် ကနဦး ပထမအဆင့်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ကနေ ၂၅ဝ အထိ ကူညီဖို့ လျာထားတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ သန်းတရာ ကူညီပံ့ပိုးမယ်လို့လည်း  Ms. Victoria Kwakwa  က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။