Adidas ဖိနပ်ချုပ်စက်ရုံက ထုတ်ပယ်ခံ အလုပ်သမားတွေကို ကန့်သတ်ချက်နဲ့ ပြန်ကမ်းလှမ်း

RFA Burmese
2023.01.02
Adidas ဖိနပ်ချုပ်စက်ရုံက ထုတ်ပယ်ခံ အလုပ်သမားတွေကို ကန့်သတ်ချက်နဲ့ ပြန်ကမ်းလှမ်း မြန်မာပေါင်ချိန်စက်ရုံဝန်ထမ်းများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
RFA

နာမည်ကြီး အမှတ်တံဆိပ် Adidas ဖိနပ်တွေချုပ်လုပ်တဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်က ထိုင်ဝမ်နိုင်ငံသားပိုင် မြန်မာပေါင်ချိန် စက်ရုံတာဝန်ရှိသူတွေက လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေထဲက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင် ပြန်ဝင်ဖို့ မကြာသေးခင်က ကမ်းလှမ်းလာတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ဒါပေမဲ့ အဲဒီကမ်းလှမ်းချက်ထဲမှာ ကန့်သတ်ချက်တွေ ပါဝင်နေတဲ့အတွက် ပြေလည်မှု မရသေးဘူးလို့ မြန်မာ ပေါင်ချိန်စက်ရုံသမဂ္ဂက အတွင်းရေးမှူး မစမ်းယုလှိုင်က RFA ကို ပြောပါတယ်။

“လုပ်ငန်းဝင်ခွင့်ပေးတယ်။ ဒါပေမဲ့ နှစ်ဦးသဘောတူ စာချုပ်စာတာက စာချုပ်မှာ အဆင်မပြေတဲ့ အချက်တွေ အများကြီးရှိလို့ မချုပ်ဆိုခဲ့ရဘူး။ ညီမတို့အရင်က တောင်းဆိုခဲ့တဲ့ အချက်တွေကိုက ဒီစာချုပ်ချုပ်ပြီးရင် မဆွေးနွေးပေးတော့ဘူး။ နောက်ပြီးတော့ ညီမတို့ကို ဥပဒေပါတဲ့ အချက်အလက်တွေ မဟုတ်ဘဲနဲ့ စက်ရုံက ပစ္စည်းတွေ တစ်ခုခု ကိုယ့်ကြောင့်ပျက်စီးခဲ့ရင် အရေးယူမယ်တို့ ဘာတို့ပေါ့။ နောက်ပြီး ဆန္ဒမပြဖို့လည်း ပါတယ်။ ဒါကြောင့် ၁၇ ယောက်လုံး စာချုပ်မချုပ်ဘဲပြန်လာတာ။ သူတို့က တစ်ဖက်သတ် ဖြစ်နေသေးလို့ပါ”

စာချုပ်မှာ အချက် ခုနစ်ချက်ပါဝင်ပြီး နှစ်ချက်သာအဆင်ပြေသလို ကျန် ငါးချက်က ကန့်သတ်ချက်တွေနဲ့ ဖြစ်နေတယ်လို့ သူကဆိုပါတယ်။

အလုပ်ထုတ်ခံခဲ့ရသူ ၂၆ ဦးထဲက ကိုးဦးက လျော်ကြေးနဲ့ ပြေလည်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ နေ့က ကျန်တဲ့ ၁၇ ဦးကို အလုပ်ပြန်ဝင်ဖို့ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့မှာတော့ စာချုပ်ချုပ်ဆိုဖို့ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာပေါင်ချိန်စက်ရုံက အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေနဲ့ပတ်သက်လို့ သတင်းမီဒီယာတွေမှာ အကျယ်တဝင့်ဖော်ပြခဲ့ကြတာကြောင့် လုပ်ငန်းခွင်ပြန်ဝင်ဖို့ စက်ရုံက ပြန်ကမ်းလှမ်းလာခဲ့တာလို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က အနိမ့်ဆုံး လုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်ကို ကျပ် ၈၀၀၀ တိုးပေးဖို့ မြန်မာပေါင်ချိန်စက်ရုံက အလုပ်သမား နှစ်ထောင်ကျော်က ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပြီး အဲဒီအထဲမှ ဦးဆောင်သူလို့ ယူဆရသူအလုပ်သမား ၂၆ ဦးကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ အလုပ်ထုတ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။