ကန့်ဘလူက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

2021.09.11
ကန့်ဘလူက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ကို ၂၀၂၁ ဧပြီ ၅ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထရော်ကိုင်းကျေးရွာအုပ်စုက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ခင်ဦးတောကြီးမြွေဟောက်ဆိုတဲ့အဖွဲ့က စက်တင်ဘာ ၁၁ ရက် ဒီနေ့မနက်က သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် (၄၃) နှစ်အရွယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိန်မင်းဟာ တောထဲမှာ ထွန်စက်မောင်း အလုပ်လုပ်နေချိန်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး နေရာမှာတင် သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

“ဒီနေ့မနက် တောထဲမှာ ထွန်စက်မောင်းနေတာ။ အဲမှာနှမ်းချမယ့် မိန်းမသားတွေရော ကျန်တဲ့ ယောင်္ကျား လေးတွေလည်း အခင်းထဲမှာ ခြောက်ယောက်လောက်ရှိတယ်။ အဲချိန်မှာ ဘယ်သူ့မှ မလုပ်ဘူး။ ဒလန်လာ ရှင်းမလို့ဆိုပြီး ဒလန်ကိုပဲ ရွေးချယ်ပြီး လုပ်သွားကြတာ။ ဒလန်ရှင်းမလို့ အနားမကပ်နဲ့ ။ အနားကပ်ရင် ပစ်မယ်ဆိုတော့ ဘယ်သူမှ မကပ်ရဲတော့ဘူး။ သေနတ်နဲ့ ပစ်တာ။ ထွန်စက်ကြီးပေါ်တင် ဇောက်ထိုးကြီး သေသွားတယ်“

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးဟာ ပျူစောထီးအဖွဲ့ရဲ့ခေါင်းဆောင်လည်းဖြစ်သလို ရွာထဲမှာရှိတဲ့ CDM လုပ်ထားသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်ဖို့ စစ်ကောင်စီကို သတင်းပေးတိုင်ကြားခဲ့ တာကြောင့် ရွာသားတွေ ထွက်ပြေးရတာ ၆ ကြိမ်ခန့်ရှိနေပြီလို့ ဒေသခံတွေက ဆိုကြပါတယ်။

ခင်ဦးတောကြီးမြွေဟောက်အဖွဲ့ဟာ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီ သတင်းပေးသူတွေ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီး ခေါင်းဆောင်တွေကို လိုက်လံရှင်းလင်းခဲ့ရာ ၁၈ ဦးထိ ရှိသွားပြီလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။