အမာမြို့နယ်မှာ မူးယစ်ဆေးဝါးသယ်လာတဲ့ သင်္ဘောတစ်စင်း ဖမ်းမိ

2024.07.23
အမာမြို့နယ်မှာ မူးယစ်ဆေးဝါးသယ်လာတဲ့ သင်္ဘောတစ်စင်း ဖမ်းမိ ဧရာ၀တီတိုင်း အမာမြို့အား ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ဧရာ၀တီတိုင်း ဖျာပုံခရိုင် အမာမြို့နယ်ခွဲက ကမ်းနားကွင်းရွာအနီးမှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ သင်္ဘောတစ်စင်းကို စစ်ကောင်စီတပ်နဲ့ ပူပေါင်းအဖွဲ့တွေက ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ပီနံအိတ်နဲ့ထည့်ထားတဲ့ မူးယစ်ဆေးဝါး အိတ်ကိုးဆယ်ခန့် ဖမ်းမိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပင်လယ်ပြင်ကို ထွက်ခွာတော့မယ့် သံခွံသင်္ဘောတစ်စင်းကို သေနတ်နဲ့ပစ်ခေတ် တားဆီးပြီး စစ်ဆေးချိန်မှာ မူးယစ်ဆေးဝါးတွေ တွေ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သေနတ်နဲ့ ပစ်ဖောက်ပြီး ဖမ်းတဲ့အခါကျတော့ အဲဒီက သင်္ဘောသားတွေက ကုန်းပေါ်တက်ပြေးတယ်။ စစ်ဆေးတဲ့အခါကျတော့ မူးယစ်ဆေးဝါးတွေ ဖြစ်နေတယ်။ ပီနံအိတ် တစ်တင်းခွဲအိတ်တွေနဲ့ အိတ်ကိုးဆယ်လောက် မိတယ်။ ဒီဇယ်ပီပါက အလုံးလေးဆယ်။ အင်ဂျင်ဝိုင်က ဆယ်ပုံးပါတယ်။ ပင်လယ်ပြင်ကနေ နိုင်ငံခြားကို ထုတ်မယ့်သဘောရှိတယ်။ အခုတော့ မြို့ကအာဏာပိုင်တွေ အကုန်ဆင်းလာတယ်”

သင်္ဘောပေါ်ကနေ ထွက်ပြေးနေသူတွေထဲက သုံးဦးကို ဇူလိုင်လ ၂၃ ရက် ဒီနေ့မနက်မှာ ကမ်းနားကွင်းရွာမှာ စစ်ကောင်စီတပ်က ဖမ်းမိခဲ့တယ်လို့ သူကပြောပါတယ်။

သင်္ဘောပေါ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ WY လို့ခေါ်တဲ့ ယာဘဆေးပြားတွေနဲ့ Ice လို့ခေါ်တဲ့ Crystal meth အမျိုးစားတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာ၀တီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလကလည်း ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ၊ အရှေ့ဖျားရွာအနီး ပင်လယ်ပြင်မှာ ICE မူးယစ်ဆေးဝါး အိတ်၂၅ အိတ်ကို တံငါသည်တွေကရရှိခဲ့ပြီး အာဏာပိုင်တွေထံ အပ်နှံခဲ့တာလည်း ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။