ဘိုကလေးမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၄၈ ဦး ထောင်ချခံရ
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ကတုံးလေးကျေးရွာအနီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၆၂ ဦးထဲက ၄၈ ဦးကို ဘိုကလေးမြို့နယ် တရားရုံးက နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အတွင်း ထောင်ဒဏ်နှစ်နှစ်ကနေ ငါးနှစ်အထိ ပြစ်ဒဏ်တွေချမှတ်ခဲ့တယ်လို့ ဘိုကလေးမြို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က ဘိုကလေးမြို့နယ်၊ အမာမြို့နယ်ခွဲက ကတုံးလေး ကျေးရွာအနီးမှာ စက်လှေသောင်တင်ပြီး လှေပေါ်ပါလာတဲ့ ရိုဟင်ဂျာ ၆၀ ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာ ၃၁ ရက်မှာ နောက်ထပ် ရိုဟင်ဂျာနှစ်ဦး ထပ်မံဖမ်းဆီးခံခဲ့ရတာပါ။
အသက်မပြည့်သေးတဲ့ ရိုဟင်ဂျာကလေး ၁၃ ဦးကို ထောင်ဒဏ် နှစ်နှစ်ချမှတ်ပြီး ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေး စခန်းကို ပို့ဆောင်လိုက်သလို အသက်ပြည့်ပြီးတဲ့ ရိုဟင်ဂျာ ၃၅ ဦးကို ထောင်ဒဏ် ငါးနှစ်နဲ့ ကျန်ရိုဟင်ဂျာ ၁၄ ဦးကိုတော့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေတွေနဲ့ အရေးယူထားတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဘိုကလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အမိန့်ချသွားတာက တစ်ရက်တည်း မဟုတ်ဘူး။ အသုတ်လိုက် အမိန့်ချသွားတာ။ အသက်မပြည့်သေးတဲ့ ကလေး။ အသက်ပြည့်ပြီးသူတွေဆိုပြီး အမိန့်ချတာ။ ရဲကနဦး ထွက်ဆိုချက်မှာ အသက်မပြည့်သေးတဲ့ ကလေးတချို့က တရားရုံးမှာကျတော့ အသက်ပြည့်ပြီးတဲ့အထဲ ပါသွားတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး”
အခုလို ရိုဟင်ဂျာတွေကို အမိန့်ချမှတ်ခဲ့တာဟာ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ - ၆-၁ အရ ထောင်ဒဏ်တွေ ချမှတ်လိုက်တာလို့ ဘိုကလေးဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေသိရဖို့ စစ်ကောင်စီပြောခွင့်ရ ဧရာဝတီတိုင်း လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၂ ခုနှစ်နိုဝင်ဘာ ၁၁ ရက်နေ့အထိ နေရပ်စွန့်ခွာ ထွက်ပြေးဖို့ကြိုစားတဲ့ ရိုဟင်ဂျာ ၁,၃၈၀ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၂၂၃ ဦး ကတော့ လဝကဥပဒေတွေနဲ့ ထောင်ဒဏ် နှစ်နှစ်ကနေ ငါးနှစ်အထိ ကျခံနေရပါတယ်။