စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့မှု ရပ်ဆိုင်းဖို့ AI တောင်းဆို

RFA Burmese
2023.04.11
စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့မှု ရပ်ဆိုင်းဖို့ AI တောင်းဆို ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က လေတပ်တည်ထောင်ခြင်း ၇၅ နှစ်မြောက် အခမ်းအနားတက်ရောက်လာသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Myanmar Military

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လူထုစုဝေးပွဲကို စစ်ကောင်စီ တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီကို လေယာဉ်လောင်စာဆီတွေ ဆိုင်းငံ့ဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဧပြီလ ၁၁ ရက်နေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

AI ရဲ့ ထုတ်ပြန်ချက်မှာ ပဇီကြီးရွာတိုက်ခိုက်မှုဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး အရပ်သားတွေကို သတ်ဖြတ်တာ၊ ဒဏ်ရာရစေတာ၊ အိုးအိမ်တွေကို ဖျက်ဆီးတာတွေဟာ မြန်မာစစ်တပ်ရဲ့ ပြုလုပ်နေကျလုပ်ရပ်ဖြစ်ပြီး အတိုက်အခံအင်အားစုတွေနဲ့ လူထုကို တန်ဖိုးမထား ငဲ့ညှာမှုကင်းမဲ့တဲ့ လုပ်ရပ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်အနှံ့အပြားမှာ အခုလိုမရပ်မနား လေကြောင်းတိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတဲ့အတွက် စစ်ကောင်စီကို လေယာဉ်လောင်စာဆီ တင်ပို့တာတွေ ချက်ချင်းရပ်ဆိုင်းဖို့ လိုနေပြီဆိုတာ ထင်ရှားစေကြောင်း၊ ဒါကြောင့် စစ်ကောင်စီလေတပ်ကို လေယာဉ်လောင်စာဆီ တင်ပို့မှုတွေ ရပ်ဆိုင်းဖို့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ထပ်မံတောင်းဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လောင်စာဆီတင်ပို့မှုဟာ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်ရာလည်း ရောက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် AI ရဲ့ ထုတ်ပြန်ချက်မှာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းရေး အတွက် ပိုမိုဆောင်ရွက်ဖို့လိုကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း တာဝန်ရှိတဲ့ မြန်မာစစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့၊ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ မြန်မာပြည်ရဲ့အခြေအနေကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ကို လွှဲပြောင်းပေးခြင်းအပါအဝင် စစ်ကောင်စီကို ထိရောက်တဲ့အရေးယူမှုတွေ ဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။