ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြားအရာရှိ ၁၂ ဦးကို အရေးယူဖို့ AI တောင်းဆို
2018.06.26

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းအရာရှိ ၁၃ ဦးကို အရေးယူဖို့ တိုက်တွန်းထားတဲ့ အစီရင်ခံစာတစောင်ကို AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ အစီရင်ခံစာကို “WE WILL DESTROY EVERYTHING”: MILITARY RESPONSIBILITY FOR CRIMES AGAINST HUMANITY IN RAKHINE STATE, MYANMAR “အရာအားလုံးကို ငါတို့ ဖျက်ဆီးမယ်” ( ရခိုင်ပြည်နယ်မှာ လူသားဖြစ်တည်မှု ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့တာနဲ့ စပ်လျဉ်းပြီး တာဝန်ရှိတဲ့ တပ်မတော်) လို့ အမည်ပေးထားပြီး မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို စုံစမ်းစစ်ဆေး အပြစ်ပေးနိုင်ရေးအတွက် ICC နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးကို လွှဲပြောင်းပေးဖို့ တောင်းဆိုထား ပါတယ်။
စာမျက်နှာ ၂ဝဝ နီးပါးပါဝင်တဲ့ ဒီအစီရင်ခံစာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း မှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်၊ နှိပ်စက်၊ မုဒိမ်းကျင့်၊ နှင်ထုတ်စတဲ့ ရာဇဝတ်မှုတွေကို တားဆီးဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ တာဝန်ရှိသူ ၁၃ ဦးစာရင်းမှာ တပ်မတော်ဘက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်စိုး၊ ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ် သန်းဦး၊ အမှတ် ၅၆၄ ခြေမြန်တပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဝင်း၊ တပ်မ ၃၃ က ဗိုလ်မှူး အောင်မိုးသူ စသူတွေပါဝင်ပြီး နယ်ခြားစောင့်တပ်ဖွဲ့က ဗိုလ်မှူးချုပ် သူရစန်းလွင်နဲ့ တခြား အရာရှိ ၂ ဦး ပါဝင်ပါတယ်။
အစီရင်ခံစာနောက်ပိုင်းမှာ မြန်မာအစိုးရက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာတွေအတွက် ပြီးခဲ့တဲ့လမှာ စုံစမ်းရေးကော်မရှင်ဖွဲ့ခဲ့ကြောင်း၊ အစဉ်အလာအားဖြင့် အစိုးရနဲ့ စစ်တပ် ဦးဆောင်တဲ့ အလားတူ စုံစမ်းရေး အဖွဲ့တွေဟာ တပ်မတော်ရဲ့ လူမဆန်ရက်စက်မှုတွေကို ဖုံးကွယ်ရန်သာဖြစ်ခဲ့ကြောင်းနဲ့ အခုအကြိမ်မှာတော့ တာဝန်ရှိသူတွေကို အကာအကွယ်ပေးမယ့် အဲဒီလိုကြိုးစားမှုတွေကို နိုင်ငံတကာအသိုင်းအဝန်းက အလှည့်စား ခံနေဖို့ မသင့်တော့ပဲ ထိရောက်စွာ အရေးယူရမှာဖြစ်ကြောင်းများအပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ လည်း နိုင်ငံရေးကစားနေတာကို ရပ်တန့်ပြီး မြန်မာပြည်အရေးကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးလွှဲပေး ရန် အချိန်တန်ပြီဖြစ်ကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။