မဖြေရှင်းနိုင်သေးတဲ့ လူ့အခွင့်ရေးကိစ္စတွေ ဖိအားပေးဖို့ အာဆီယံကို တိုက်တွန်း
2011.11.14
Photo: RFA
ဒီတိုက်တွန်းချက်နဲ့ ပတ်သက်လို့ AIPMC အဖွဲ့ရဲ့ လက်ရှိ ဥက္ကဋ္ဌ Eva Sundari နဲ့တကွ အဖွဲ့ဝင် လွှတ်တော် အမတ်တွေဟာ ဒီကနေ့ တနင်္လာနေ့ မနက်ပိုင်းမှာ အင်ဒိုနီးရှား လွှတ်တော် အဆောက်အဦး အတွင်း သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပဖို့ ရှိပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးခင်က ပေါ်ပေါက်ခဲ့တဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ကြိုဆိုမှုတွေ ရှိခဲ့ပေမယ့် AIPMC အဖွဲ့ အနေနဲ့ကတော့ လူ့အခွင့်အရေး တိုးတက်မှုနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု နှေးကွေးနေတဲ့ အပေါ် စိုးရိမ်နေဆဲ ဖြစ်ကြောင်း ပြောပါတယ်။
ဒီကိစ္စတွေကို အာဆီယံ ခေါင်းဆောင်တွေ ထုတ်ဖော် ဆွေးနွေးဖို့ လိုအပ်သလို မြန်မာနိုင်ငံက တိုင်းရင်းသား ပဋိပက္ခတွေ အဆုံးသတ်စေရေး အတွက် ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ရပ် ဖော်ဆောင်ဖို့ လိုအပ်ကြောင်း AIPMC အဖွဲ့က တိုက်တွန်းထား ပါတယ်။
ဒါ့ပြင့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် အာဆီယံ ဥက္ကဋ္ဌ နေရာ အပ်နှင်းရေးဟာ မြင်သာတဲ့ ဒီမိုကရေစီ ပြောင်းလဲ ဖော်ဆောင်မှုပေါ်မှာ အဓိက မူတည်နေတယ်လို့ ယုံကြည်ကြောင်း AIPMC အဖွဲ့က ပြောပါတယ်။