Air Bagan လေယာဉ် ပျက်ကျမှု လေယာဉ်မှူး အပြစ်ဟု ဆို

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့မှာ Air Bagan လေယာဉ်ပျက်ကျ ခဲ့ရတာဟာ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့်ဖြစ်ကြောင်း လေယာဉ်ပျက်ကျမူ စုံစမ်းစစ်ဆေးရေးအဖွဲ့က မနေ့က ပြောကြား လိုက်ပါတယ်။

2013.02.01

Black Box လို့ လူသိများတဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို သြစတြေးလျနိုင်ငံကိုပို့ပြီး စစ်ဆေးခဲ့ရာမှာ လေယာဉ်စက်ပိုင်းနဲ့ အစိတ်အပိုင်းဆိုင်ရာ ချို့ယွင်းပျက်စီးမှုသော်လည်းကောင်း၊ လေယာဉ်ကွင်း မှားယွင်းဆင်းသက်မှုနဲ့ တခြားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်ခံရမှုတွေနဲ့ ပတ်သက်တာမျိုးကို သော်လည်းကောင်း မတွေ့ရကြောင်း၊ အခုပျက်ကျမှုအတွက် အဓိကတာဝန်ရှိသူဟာ လေယာဉ်မှူးသာဖြစ်ကြောင်း  ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် လေကြောင်းပညာသိပ္ပံကျောင်းမှာ မနေ့က ကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ  ဦးဝင်းဆွေထွန်း က ပြောကြားခဲ့ပါတယ်။

"လူမှားတာလား၊ စက်ပျက်တာလားဆိုရင် အားလုံးကတော့ လူနဲ့ပဲဆိုင်တာပဲ၊ ရာသီဥတု မကောင်းဘူးလို့ပြောရင် မတက်ဘူး၊ တက်မယ်ဆိုတာ ရာသီဥတုက ဆုံးဖြတ်တာမဟုတ်ဘူး လူကဆုံးဖြတ်တာ၊ အဲ့ဒါကြောင့်မို့ လေယာဉ်တစ်ခုမှာ အဆုံးအဖြတ်သည် လူပဲ"

ဒါဟာ လက်ရှိကာလအထိ တွေ့ရှိထားတဲ့ ဖြစ်နိုင်ချေ အချက်လက်တွေကိုသာ ပြောဆိုတာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာ တင်ပြနိုင်ဖို့ကတော့ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။

ပြည်တွင်းလေကြောင်းပို့ဆောင်မှု ဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ ဒီလေယာဉ်ပျက်ကျမှုဟာ မြန်မာနိုင်ငံမှာ ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။