ထားဝယ်ခရိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

RFA Burmese
2024.03.05
ထားဝယ်ခရိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေ၊ ငါးဦးဒဏ်ရာရ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်ခဲ့သည့် ခရီးသည်တင်ယာဉ်အား ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ မနေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသည်တင်ယာဉ်ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးသလို၊ ငါးဦးဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။

မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်မှာ ရှိတဲ့ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာနားကို မတ်လ ၄ ရက်နေ့ မွန်းလွဲ ၄ နာရီလောက်မှာ MI2 ရဟတ်ယာဉ်တစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ် ဒေါ်အောင် သေဆုံးခဲ့တာလို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“မန္တလာမင်း ခရီးသည်နဲ့ပါလာတဲ့ ပြည်သူအမျိုးသမီးကြီးတစ်ယောက် သေဆုံးသွားတာပေါ့။ ကျောနဲ့ ဂျိုင်းကြားမှာထိတယ်။ မျက်နှာမှာလည်း ထိထားတယ်။ ရုပ်အလောင်းကိုတော့ မနေ့က သင်္ဂြိုဟ်ပေးလိုက်ပြီ။ သူ့ရဲ့ ပစ္စည်းတွေကိုတော့ အမှတ် ၂ တပ်ရင်းက သိမ်းဆည်းထားတယ်။ မိသားစုနဲ့ အဆက်အသွယ်ရရင်တော့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုလွှဲပြောင်းပေးမယ်”

သရက်ချောင်းမြို့နယ်မှာရှိတဲ့ ဝင်းဝရဲစခန်းအနီးမှာ တိုက်ပွဲတွေ ဖြစ်နေလို့ အဲဒီခရီးသည်တင်ယာဉ်ဟာ မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်မှာ ယာယီရပ်နားထားချိန် လေကြောင်းတိုက်ခိုက်ခံရတာလို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီနေရာကိုသာမက ဝင်းဝရွာနဲ့ ချောက်ချောင်းရွာတို့ကိုလည်း တိုက်ခိုက်ခဲ့တဲ့ အပြင် မတ် ၄ ရက်နေ့ မနက်ပိုင်းမှာလည်း ထားဝယ်-ထီးခီးလမ်းပေါ်မှာရှိတဲ့ မေတ္တာဗျူဟာကုန်းကို ဗုံးကြဲခဲ့တယ်လို့ ဥဩစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရောင်နီက RFA ကို ပြောပါတယ်။

ဒါ့အပြင် အဲဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ ထားဝယ်မြို့နယ်၊ ဇဟာရွာမှာရှိတဲ့ စစ်ကောင်စီ အမြောက်တပ်ကနေ မောင်မယ်ရှောင်ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရှင်ဓာတ်ဝဲဘုရားဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ရွာခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စစ်ကောင်စီတပ်စခန်းတချို့ကို တော်လှန်ရေး တပ်ပေါင်းစုတွေက တိုက်နေပြီး စစ်ရေးတင်းမာနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။