TNLA ထိန်းချုပ်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း ၃၈ ဦး သေဆုံး

RFA Burmese
2024.12.02
TNLA ထိန်းချုပ်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း ၃၈ ဦး သေဆုံး ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပျက်အစီးများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ ရစဉ်။
PSLF/TNLA News Photo

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုဝင်ဘာတစ်လအတွင်း အရပ်သား ၃၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ခုနစ်ဆယ် ရှိတယ်လို့ TNLA က ဒီဇင်ဘာလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အရပ်သားတွေ သေဆုံးထိခိုက်တာအပြင် ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးတွေကြောင့် နေအိမ်၊ အဆောက်အအုံ ၁၃၀ ကျော် ပျက်စီးတယ်လို့လည်း ဆိုပါတယ်။

သေဆုံးသူတွေက နောင်ချိုမြို့နယ်မှာ ၁၆ ဦး၊ ကျောက်မဲမြို့မှာ ဆယ်ဦး၊ မိုးကုတ်မြို့မှာ ကိုးဦး၊ ကွတ်ခိုင်မြို့မှာ သုံးဦး ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ၁၂ မြို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

စစ်ကောင်စီတပ်ကတော့ အဲဒီမြို့တွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် မြေပြင်နဲ့ လေကြောင်းထိုးစစ်တွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပြီး နောင်ချိုမြို့နယ် တောင်ခမ်းရွာနဲ့ ဂန့်ကော်ရွာတွေအနီးမှာ တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။