တောင်ကုတ်မှာ ဗုံးကြဲခံရပြီး အရပ်သား နှစ်ဦးသေဆုံး နှစ်ဆယ်ခန့် ဒဏ်ရာရ
2024.12.02
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နဲ့ နှစ်မိုင်အကွာက ခရိုင်ရွာကို ဒီဇင်ဘာ ၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလေးလုံးကြဲချတာကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး နောက်ထပ် လူနှစ်ဆယ်ခန့် ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေသုံးသူတွေက အသက် ၇၀ကျော်အရွယ် ဒေါ်မသိန်းနဲ့ အသက် ၁၇ နှစ်အရွယ် မောင်ကျော်သက်နိုင်တို့ ဖြစ်ပါတယ်။
သူတို့ဟာ တောင်ကုတ်မြို့က စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ခရိုင်ရွာမှာ စစ်ဘေးလာရှောင်တဲ့ ဒုက္ခသည်တွေဖြစ်တယ်လို့ တောင်ကုတ်ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဗုံးက လေးလုံးလာချသွားတာ။ ညနေပိုင်း ၃ နာရီကျော်လောက်ရှိမယ် ထင်တယ်။ ဂျက်လေယာဉ်နဲ့ လာကြဲသွားတာ။ ပွဲချင်းပြီး နှစ်ယောက် သေသွားတယ်။ ဒဏ်ရာရသူတွေကတော့ နှစ်ဆယ်လောက်ရှိတယ်။ သေသွားတဲ့ သူနှစ်ယောက်က စစ်ဘေးရှောင်တွေ၊ တခြားဒဏ်ရာရတဲ့ သူတွေထဲမှာလည်း စစ်ဘေးရှောင်တွေရော၊ ရွာသားတွေရောပါတယ်”
ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်းပါဝင်ပြီး ဆေးဝါးမပြည့်စုံတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
တောင်ကုတ်မြို့နယ်မှာ နိုဝင်ဘာလဆန်းပိုင်းကလည်းက တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် လက်ရှိမှာ တောင်ကုတ်မြို့ပေါ်နဲ့ အနီးတစ်၀ိုက်က စစ်ကောင်စီတပ်စခန်း ဆယ်ခုခန့်ကို AA သိမ်းပိုက်ထားပါတယ်။
တောင်ကုတ်မြို့နယ်အခြစိုက် ခရမ-၅၄၄နဲ့ ခမရ ၃၄၆ တပ်ရင်းတွေကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်တယ်လို့ AA နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ရက် နေ့ကစလို့ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် သေဆုံးတဲ့အရပ်သား ၇၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၅၀၀ ကျော် ရှိသွားပြီလို့ AA က ထုတ်ပြန်ထားပါတယ်။