မင်းပြားမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၄ ဦးဒဏ်ရာရ

RFA Burmese
2024.02.26
မင်းပြားမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၄ ဦးဒဏ်ရာရ ရမ်းဗြဲမြို့ မြို့မဆေးရုံ၊ မြို့မဈေးနှင့် လူနေအိမ်များပေါ်သို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပျက်အစီးများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က AA မှ ထုတ်ပြန်ခဲ့စဉ်။
AA Info Desk

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် သေကန်ရွာကို ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့မနက်အစောပိုင်း ၁ နာရီကျော်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁၄ ဦးဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

လေးဦးကတော့ ဒဏ်ရာပြင်းထန်ပြီး နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ည ၁ နာရီလောက်မှာ ဂျက်လေယာဉ်နဲ့လာပြီး ဗုံးချတာပါ။ ဗုံးနှစ်လုံး ချပါတယ်။ လူ ၁၄ ယောက် ဒဏ်ရာရတယ်။ အဲဒီအထဲမှာ လေယောက်က ဒဏ်ရာအတော်ပြင်းတယ်။ အိမ်တစ်ဆောင်လည်း မီးလောင်ပျက်စီးသွားတယ်။ တခြားအိမ်တချို့လည်း ပျက်စီးတာရှိတယ်။ လူတွေကတော့ အိမ်နေရင်း ဒဏ်ရာရသွားတာပါ”

ရွာအနီးအနားမှာ စစ်ကောင်စီတပ်တွေလည်း မရှိတော့သလို တိုက်ပွဲဖြစ်တာလည်း မရှိဘဲ လာရောက်ဗုံးကြဲတာလို့ ဆိုပါတယ်။

သေကန်ရွာဟာ အိမ်ခြေတစ်ရာကျော်နဲ့ လူဦးရေ လေးရာကျော်ရှိတဲ့ရွာ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေကတော့ လက်ရှိ အနီးအနားက ဆေးခန်းတွေမှာပဲ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၇၉)၊ (၃၈၀) နဲ့ (၅၄၁) တပ်ရင်းသုံးရင်းကို ဖေဖော်ဝါရီလ ၆ ရက်မှာကတည်းက ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ခဲ့ပြီး မြို့ကိုပါထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။