ကျောက်ပန်းတောင်းမှာ လေကြောင်းက ဗုံးကြဲလို့ မိသားစုဝင်လေးဦး သေဆုံး

RFA Burmese
2024.09.02
ကျောက်ပန်းတောင်းမှာ လေကြောင်းက ဗုံးကြဲလို့ မိသားစုဝင်လေးဦး သေဆုံး ကျောက်ပန်းတောင်းမြို့နယ် မြင်းခြံကုန်းကျေးရွာ မြေသားရေကန်အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
MOI Photo

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်က မြင်းခြံကုန်းရွာနဲ့ သနပ်ပင်ရွာတို့ကို စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ မြင်းခြံကုန်းရွာက မိသားစုဝင် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မနေ့က ညနေ ၆ နာရီခန့်မှာ ကျောက်ပန်းတောင်းမြို့နယ်နဲ့ တောင်သာမြို့နယ် အစပ်မှာရှိတဲ့ ရွာနှစ်ရွာကို ဗုံးကြဲခဲ့တာကြောင့် ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာမှာရှိတဲ့ တစ်မိသားစုလုံး သေဆုံးခဲ့တာလို့ ကျောက်ပန်းတောင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒီရွာတွေမှာ ဘာမှလည်း ဖြစ်တာမဟုတ်ဘူး။ အဲတာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ လာပြီး ဗုန်းကြဲသွားတာ။ မြင်းခြံကုန်းက တစ်မိသားစုလုံး သေတာ။ လေးယောက်လုံး။ ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေး သုံးယောက်။ သနပ်ပင်ရွာကတော့ လူသေတာမရှိဘူးလို့ ပြောတယ်။ ဒီနယ်ဘက်မှာ ဒီလိုမျိုးဗုံးကြဲတာတော့ ပထမဦးဆုံးပဲ"

လက်ရှိမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်ဖြစ်မှာစိုးရိမ်အတွက် ရွာခံအများစုဟာ ဘေးလွတ်နိုင်မဲ့ နေရာတွေကို တိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။

သေဆုံးသူ လေးဦးအပြင် ဒဏ်ရာသူတွေလည်းရှိနေပြီး သေဆုံး၊ ဒဏ်ရာသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုကြောင့် နှစ်ရွာလုံးက နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းကတော့ ကျောက်ပန်းတောင်း မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒုရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကျောက်ပန်းတောင်းမြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မြင်းခြံခရိုင်ထဲမှာတော့ မြင်းခြံ၊ တောင်သာ၊ နွာထိုးကြီး စတဲ့မြို့နယ်သုံးခုက စစ်ကောင်စီတပ်နဲ့ ပျူစောထီး တပ်စခန်းတွေကို ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ တိုက်ခိုက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။