သပိတ်ကျင်းမှာ ဗုံးကြဲခံရပြီး သားအမိ နှစ်ဦး သေဆုံး

RFA Burmese
2024.11.19
သပိတ်ကျင်းမှာ ဗုံးကြဲခံရပြီး သားအမိ နှစ်ဦး သေဆုံး သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာအား သိမ်းပိုက်အပြီး PLA တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA Photo

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေညာဦးရွာကို နိုဝင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ သားအမိ နှစ်ဦး သေဆုံးသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရေညာဦးနဲ့ ကျောက်ဖြူ ရွာနှစ်ရွာ ဗုံးကြဲခံရတာဖြစ်ပြီး အသက် ၈ နှစ်အရွယ် မိန်းကလေး တစ်ဦးနဲ့ အသက် ၃၀ ကျော်အရွယ် မိခင်ဖြစ်သူတို့သေဆုံးခဲ့တာပါ။

တိုက်ပွဲတွေပြင်းထန်နေတဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) နေရာ တစ်၀ိုက်နဲ့ ရွာတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်စဉ် အရပ်သားတွေပါ ထိခိုက်သေဆုံးတာလို့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက်လည်း သပိတ်ကျင်းမှာ လေယာဉ် နှစ်စီးဝဲနေတယ်။ တိုက်ပွဲကတော့ လောလောဆယ် နှစ်ဖက်လုံး စောင့်ကြည့်နေတယ်။ အခုက ကုန်းကြောင်းကနေတော့ စစ်ကြောင်းမထိုးနိုင်တော့ဘူး။ လေကြောင်းနဲ့ပဲ အဓိက တိုက်နေတာ။ ပြီးခဲ့တဲ့ ၁၆ ရက်နေ့ကလည်း ရေညာဦးနဲ့ ကျောက်ဖြူရွာ နှစ်ရွာ ဗုံးကြဲခံရပြီး နေအိမ်တွေလည်း ပျက်စီးသွားတယ်။ သားအမိ နှစ်ယောက်ကတော့ လမ်းမှာတင် သွေးထွက်လွန်ပြီး ဆုံးသွားတယ်”

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

သပိတ်ကျင်းမြို့နယ်က လက်ကျန်တပ်စခန်း သုံးခုဖြစ်တဲ့ ၇ မိုင်၊ ကျောက်ကြီးနဲ့ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တကက-၁၃) တို့ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါထားတယ်။

သပိတ်ကျင်းမြို့ကိုတော့ ဩဂုတ်လ ၂၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။