သံတွဲမှာ လေကြောင်းက ဗုံးကြဲလို့ အမျိုးသမီး လေးဦးဒဏ်ရာရ

RFA Burmese
2024.07.02
သံတွဲမှာ လေကြောင်းက ဗုံးကြဲလို့ အမျိုးသမီး လေးဦးဒဏ်ရာရ ရခိုင်ပြည်နယ် သံတွဲမြို့။
Photo: RFA

ရခိုင်ပြည်နယ် သံတွဲမြို့နယ် မြုံပြင်ရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂ ရက်နေ့ ည ၁၂ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးလေးဦး ဒဏ်ရာရပြီး နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေက အသက် ၇၀ အရွယ် ဒေါ်မဂျမ်း၊ အသက် ၅၀ အရွယ် ဒေါ်သံချောင်း၊ အသက် ၄၀ အရွယ် ဒေါ်မြလေးစိန်နဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်ကတော့ တော်တော်များများ ထိခိုက်ပျက်စီးသွားတာ နှစ်အိမ်ရှိတယ်။ လူကတော့ လေးယောက် ဒဏ်ရာရတယ်။ အဲဒီထဲက အသက် ၇၀ ဝန်းကျင်နဲ့ ၄၀ ဝန်းကျင် နှစ်ယောက်ကတော့ ဦးခေါင်းကို ထိသွားတယ်”

လက်ရှိမှာတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်ရှိလာမှာ စိုးရိမ်တာကြောင့် ရွာသားအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သူက ပြောပါတယ်။

မြုံပြင်ရွာဟာ သံတွဲမြို့အနောက်ဘက် သုံးမိုင်ခန့်အကွာ သံတွဲ-တောင်ကုတ် ကားလမ်းမပေါ်တည်ရှိပြီး အိမ်ခြေ ၁၆၀ ဝန်းကျင်နဲ့ လူဦးရေ သုံးရာကျော် နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့မှုနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ရဲ့ စာရင်းတွေအရ ဇွန်လအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအကြား စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၄၉ ဦး သေဆုံးပြီး ၁၀၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။