ဖားဆောင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတချို့ သေဆုံး

RFA Burmese
2024.03.04
ဖားဆောင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတချို့ သေဆုံး ဖားဆောင်းမြို့မှ မီးလောင်ပျက်စီးနေသည့် နေအိမ်အချို့ကို ၂၀၂၄ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ် ဖားဆောင်းမြို့ကို မတ်လ ၃ ရက်နေ့ မနေ့က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာနဲ့ စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ရဟန်းတစ်ပါးအပါအဝင် အရပ်သားတချို့ သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွေတော် ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းကို လေကြောင်းကနေ စက်သေနတ်နဲ့ ပစ်ခတ်တာမှာ ရဟန်းတစ်ပါး ပျံလွန်တော်မူပြီး နောက်ထပ် အရပ်သားသေဆုံးမှုတွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မွေတော်ဘုန်းကြီးကျောင်းကို စက်သေနတ် လာပစ်တယ်ဗျ။ သံဃာတစ်ပါး ပျံလွန်တယ်ဆိုတာ ကနဦးသိရတယ်။ အခုက မြေပြင်မှာ အခြေအနေတွေ ရှုပ်ထွေးနေတယ်။ နောက်ထပ် သေဆုံးသူတွေရှိတယ်။ ဖုန်းလိုင်းလည်း မရတော့ အသေးစိတ်တော့ တိတိကျကျ မသိရသေးဘူး"

လေကြောင်းကနေ ပစ်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်က နေအိမ်တွေ မီးလောင်ပျက်စီးနေတယ်လို့လည်း သူက ဆိုပါတယ်။

သေဆုံးထိခိုက် အ​ရေအတွက် အတိအကျ သိရဖို့ RFA က စုံစမ်း​နေဆဲ ဖြစ်ပါတယ်။

ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးကလည်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ကတည်းက ဖားဆောင်းမြို့ပေါ်မှာ စစ်ရေးတင်းမာနေခဲ့ပြီး မတ်လ ၁ ရက်နေ့ကစလို့ တိုက်ပွဲ ပြင်းထန်နေတာလို့ ပြောပါတယ်။

“ဖားဆောင်းမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေတာ ဟုတ်တယ်ဗျ။ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဆက်တိုက် လာပစ်နေတာဟုတ်တယ်။ လူထိခိုက်မှုတော့ အတိအကျ မသိရသေးဘူး။ မြို့ပေါ်က လူတွေအားလုံးနီးပါတော့ နီးစပ်ရာကို ပြေးကုန်ကြပြီ”

အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုသိရှိနိုင်ဖို့ RFA က ဆက်လက် စုံစမ်းနေပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ကရင်နီ ပူးပေါင်းတပ်တွေဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဖားဆောင်းမြို့နယ်အတွင်းမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

လက်ရှိမှာတော့ ဖားဆောင်းမြို့ကို ရရှိနိုင်ရေးအတွက် ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဖားဆောင်းမြို့ပေါ်မှာ လူဦးရေ ငါးထောင်ဝန်းကျင် နေထိုင်ပြီး တိုက်ပွဲကြောင့် မြို့ခံအားလုံးနီးပါ ဘေးလွတ်ရာ ကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။