မြိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားခြောက်ဦးသေဆုံး

RFA Burmese
2024.09.06
မြိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားခြောက်ဦးသေဆုံး မကွေးတိုင်း မြိုင်မြို့နယ်လက်ယက်မရွာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့က တွေ့ရစဉ်။
အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်

မကွေးတိုင်း မြိုင်မြို့နယ် လက်ယက်မရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၆ ရက် နေ့လယ်ပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ခြောက်ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ လက်ယက်မရွာ စာသင်ကျောင်းအနီးက နေအိမ်တွေကို ဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးခဲ့တယ်လို့ သွားရောက်ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပခုက္ကူခရိုင် တပ်ရင်း ၁၇ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအေကေက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့တပ်ဖွဲ့တွေအနေနဲ့ စာသင်ကျောင်းနားမှာ နေတာလည်း မရှိဘူး၊ ရပ်ရွာတွေထဲမှာလည်း နေတာမရှိဘူး၊ ဘာသတင်းရပြီး ပစ်သွားတယ်မသိဘူးဗျ၊ အကြောင်းမဲ့သက်သက်ကို လာပစ်သွားတာ၊ ပေါင် ငါးရာဗုံးနဲ့ စာသင်ကျောင်းကို ချတယ်လို့တော့ ခန့်မှန်းတယ်၊ စာသင်ကျောင်းကို မကျဘဲနဲ့ စာသင်ကျောင်းရှေ့က အိမ်ကို ကျသွားတာ၊ အစက ပွဲချင်းပြီးသေတာက ငါးယောက်၊ ဆေးတပ်ဖွဲ့တွေလာပြီးမှ ဆုံးသွားတာက တစ်ယောက်ဆိုတော့ ခြောက်ယောက်ဗျ"

စာသင်ကျောင်းအရှေ့က ဗုံးကျတဲ့အိမ်က မိသားစုဝင် ငါးဦးမှာ လေးဦးဟာ နေရာမှာပင် သေဆုံးခဲ့သလို စာသင်ကျောင်းရဲ့ တောင်ဘက် ဗုံးကျတဲ့နေရာမှာလည်း ဆယ်တန်းကျောင်းသူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတစ်ဦးကတော့ ကယ်ဆယ်ရေးတွေရောက်ချိန်မှာ ဆုံးသွားတယ်လို့လည်း ဆိုပါတယ်။ သေဆုံးသူတွေရဲ့ အချက်အလက်တွေနဲ့ ထိခိုဒဏ်ရာရသူ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

အရင်က စစ်ကောင်စီလေတပ်က MI 35 လို လေယာဉ်တွေနဲ့ ပစ်ခတ်ပြီး ပြန်သွားတာ၊ ပေါင်ငါးရာဗုံးချမယ်ဆိုရင်လည်း တစ်လုံးချပြီး ပြန်သွားတာမျိုးတွေသာရှိခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ စခန်းသိမ်းတိုက်ပွဲတွေမှာ လာရောက်ပစ်ခတ်သလို သေသေချာချာ လေးကြိမ်ပစ်သွားတာလို့လည်း ဆိုပါတယ်။

လက်ယက်မရွာကို စစ်ကောင်စီက ပေါင်ငါးရာဗုံးလေးလုံးချခဲ့ပြီး စာသင်ကျောင်းအနီးဝန်းကျင်ကို ချခဲ့လုံးသုံးလုံးက ပေါက်ကွဲခဲ့ပြီး တစ်လုံးကတော့ မပေါက်ကွဲသေးဘူးလို့လည်း ပြောပါတယ်။ ဒီဗုံးဒဏ်ကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရှမ်းပြည်နယ်ထဲက နမ့်ခမ်းမြို့ပေါ်နဲ့ ဖယ်ခုံမြို့နယ်ထဲက လအိ စစ်ဘေးဒုက္ခသည်စခန်းကို စက်တင်ဘာ ၅ ရက် ညပိုင်းနဲ့ ၆ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် နှစ်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။