စစ်ကိုင်းတိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံး၊ ဒေသခံ ခုနစ်ထောင်ခန့် ထွက်ပြေးနေရ
2024.10.06
စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ ဒီပဲယင်းမြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၅ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတွေလုပ်တာကြောင့် အရပ်သားတစ်ဦး သေဆုံးသွားပြီး ဒေသခံ ခုနစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့ ညနေက ဒီပဲယင်းမြို့ပေါ်မှာရှိတဲ့ တောင်ပြင်၊ ကွက်သစ်ရပ်ကွက်နဲ့ ကံပြားရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ရေဦးမြို့နယ် တင်းတိမ်ရံရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၅၀ အရွယ် ဒေါ်ဝင်းမာ သေဆုံးသွားပြီး အသက် ၂၀ အရွယ် သမီးဖြစ်သူ ထိခိုက်ဒဏ်ရာရသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီပဲယင်းကို လေယာဉ်နှစ်စင်းနဲ့ ပစ်တယ်။ အဲဒီမှာ ပစ်ပြီးတော့မှ ညနေပိုင်း နေဝင်ခါနီးအချိန်လောက်ကျတော့ ဂျက်ဖိုက်တာနဲ့ တင်းတိမ်ရံကို ပစ်တယ်။ တင်းတိမ်ရံက အမျိုးသမီးတစ်ယောက် သေတယ်။ သူ့သမီးလေးက ထိခိုက်ဒဏ်ရာရတယ်"
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရေဦးမြို့နယ်ထဲက တင်းတိမ်ရံ၊ ချောင်းရိုးစတဲ့ ရွာငါးရွာက ဒေသခံ ခုနစ်ထောင်ဝန်းကျင်လည်း ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ သူက ပြောပါတယ်။
ဒီပဲယင်းမြို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ နောက်ပိုင်း ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ သုံးကြိမ်အထိရှိပြီး အခုတစ်ကြိမ်မှာ သေဆုံးထိခိုက်မှုတွေရှိလာတာပါ။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကတော့ လက်တလော မသိရသေးတဲ့အကြောင်း RFA ရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်စစ်ကြောင်းထိုးမှု၊ နယ်မြေရှင်းလင်းရေးနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၁၂ သိန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။