နမ့်ဆန်မှာ ဗုံးကြဲလို့ အရပ်သား နှစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ
2023.11.20
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီအပြင် နောက်ထက် အမျိုးသမီး ခြောက်ဦးနဲ့ အမျိုးသားနှစ်ဦး စုစုပေါင်း ဒေသခံရှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ နမ့်ဆန်ဒေသခံ တစ်ဦးက ပြောပါတယ်။
“နမ့်ဆန်ဘက်မှာက တိုက်ပွဲတွေ ဘာတွေမဖြစ်ပါဘူး။ အဲဒါကို လေကြောင်းကနေ ညပိုင်း အိပ်နေတဲ့အချိန်လာပြီး ဗုံးကြဲသွားတာ။ လူလည်း သေတယ်၊ အိမ်တွေလည်း မီးလောင်ကုန်တယ်”
ဒီတိုက်ခိုက်မှုအတွင်း လူနေအိမ် ၂၃ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က မြို့သစ်ကျေးရွာကို လေကြောင်းကနေ ပေါင် ငါးရာ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာလို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က နိုဝင်ဘာလ ၂၀ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဒီဗုံးဟာ မြို့သစ်ရွာက နေအိမ်ပေါ် ကျရောက်ခဲ့ပြီး တားဆန်းနော်နဲ့ နောက်ထပ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီ ရှမ်းပြည်နယ် ပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေး ကြေညာပြီးနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်း၊ နောင်ချို၊ လားရှိုး၊ မန်တုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်နဲ့ ကျောက်မဲ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
အောက်တိုဘာလ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေအတွင်း အရပ်သား ငါးဆယ်ဦး သေဆုံးပြီး ၉၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်း အမျိုးသမီးအဖွဲ့ (TWO) ရဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ စာရင်းတွေအရ သိရပါတယ်။