ညောင်လေးပင်ခရိုင်မှာ လေကြောင်းကနေ ပစ်ခတ်နေလို့ ဒေသခံ ငါးထောင်ကျော် ထွက်ပြေး

RFA Burmese
2023.09.15
ညောင်လေးပင်ခရိုင်မှာ လေကြောင်းကနေ ပစ်ခတ်နေလို့ ဒေသခံ ငါးထောင်ကျော် ထွက်ပြေး စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မုန်းမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
KNU

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် သုံးစင်းနဲ့ လိုက်လံ ပစ်ခတ်နေလို့ ရွာခြောက်ရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က စက်တင်ဘာလ ၁၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၄ ရက် မနေ့က မနက်ပိုင်းကစပြီး မုန်းမြို့နယ်အတွင်းက ဟော်ခိုဂေါ၊ မယ်တလင်နဲ့ ဆင်းပုလဲရွာတွေအတွင်းကို တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ၁၃ ကြိမ်ခန့်ထိ လှည့်ပတ်ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုတွေကြောင့် ဟောခိုဂေါ၊ ဝိုင်းကြီး၊ ဆင်းပုလဲ၊ လူအ၊ မယ်တလင်နဲ့ ထွာနီကုန်းရွာ က ဒေသခံတွေ ထွက်ပြေးနေကြရတာပါ။

စက်တင်ဘာလ ၁၅ ရက် ဒီနေ့အထိ ရွာကိုမပြန်ရဲသေးတဲ့အတွက် ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို မသိရသေးဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ (စစ်ကောင်စီ) လေယာဉ်နဲ့ လိုက်ပစ်နေတယ်။ မနေ့ကလည်းပစ်တယ်။ တစ်နေ့ကလည်း ပစ်တယ်။ နေ့တိုင်းလိုလို တောက်လျှောက်ပစ်နေတဲ့အတွက် ရွာတွေကတော့ အကုန်ထွက်ပြေးနေရတယ်။ ကြိုးကြားကြိုးကြား စစ်ကြောင်းထိုး လာတဲ့အခါ တိုက်ပွဲဖြစ်တာတော့ ရှိတာပေါ့။ ဒါပေမဲ့ တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာက ဖြစ်ပြီးသွားပြီ လူမရှိတော့ဘူးဆိုရင်လည်း သူတို့ဘာသာ လေယာဉ်နဲ့ ရွာတွေကို လျှောက်ပစ်တာ။ မနေ့က ပစ်တဲ့ ကိစ္စမှာတော့ သေဆုံး၊ ထိခိုက် မကြားသေးဘူး။ ဟိုတစ်နေ့ကဖြစ်သွားတဲ့ ကိစ္စမှာတော့ သက်ကြီးရွယ်အိုတွေ လန့်ပြီး နှလုံးရပ်ပြီး သေတာတွေရှိတယ်”

လက်ရှိ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေကြတဲ့ ရွာအများစုဟာ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့ရွာတွေဖြစ်ပြီး ဒီရက်ပိုင်း မိုးသည်းထန်စွာ ရွာနေတဲ့အတွက် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထား တဲ့ ရန်မျိုးအောင်ရွာနဲ့ တမောရွာတွေလည်း ရေကြီးနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုန်းမြို့နယ်မှာ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁၂ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး နောက်ထပ် ၁၀ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ KNU က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးက ညောင်လေးပင် ခရိုင်အတွင်းက မြို့နယ်တချို့ KNLA ပူးပေါင်းတပ်တွေ ဝင်လာကြောင်း သတင်းရတဲ့ အတွက် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ တွေနဲ့ ဒေသတည်ငြိမ်ရေးနဲ့ လုံခြုံရေးဆောင်ရွက်နေပြီး လက်ရှိမှာလည်း တည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ထားနိုင်တယ်လို့ RFA ကို ပြောထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်း အရှေ့ခြမ်းက ဒေသခံ တစ်သိန်းကျော် (၁၁၁,၀၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။