မြိုင်မြို့နယ်က ဆေးခန်း လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံး

RFA Burmese
2023.01.22
Share on WhatsApp
Share on WhatsApp
မြိုင်မြို့နယ်က ဆေးခန်း လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံး လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် မြိုင်မြို့နယ် ဗဟင်းရွာမှ ဆေးခန်းအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်းရွာက ဆေးခန်းကို စစ်ကောင်စီက ဇန်နဝါရီလ ၂၁ ရက်၊ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆေးရုံလူနာစောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်ကြည်ကို ကျည်ထိမှတ်ပြီး ပေါင်ပြတ်ကာ သွေးထွက်လွန် သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆေးပေးခန်းလိုမျိုးတော့ ဆရာ၊ ဆရာမ သုံးလေးယောက်ရှိတယ်။ အဲဒီသုံးလေး ယောက်က လူနာလာကုပေးနေတာရှိတယ်။ လူနာစောင့်တစ်ယောက်တော့ ပေါင်ပြတ်ပြီးဆုံးတယ်”

ဒီအပြင် ဆေးခန်းမှာရှိနေတဲ့လူနာ ၄၀ ဦးနီးပါးကိုလည်း အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။

ဗဟင်းရွာမှာ တိုက်နယ်ဆေးရုံရှိပြီး လက်ရှိမှာ အဲဒီဆေးရုံကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ PDF တွေက ထိန်းချုပ်ထားပြီး ဆေးခန်းအဖြစ် အသုံးပြုနေတာပါ။

မြိုင်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွဝ်ရေးတပ်ဖွဲ့က အဲဒီဆေးခန်းမှာ နာရီဝက်ကြာ အစည်းအဝေးလုပ်ခဲ့ပြီး သိပ်မကြာခင်မှာ စစ်ကောင်စီက Mi- 35 ဘက်စုံသုံးတိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့လာ ရောက်ပစ်ခတ်တာလို့ PDF အဖွဲ့က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်မြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၇ ရက်မှာ ပြောဆိုခဲ့ပေမယ့် စစ်ကောင်စီဥက္ကဋ္ဌက ပယ်ချခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။